Photo: Kaung Pyae San
၂၀၁၄၊မေလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
ကောင်းမြတ်မိုး ရေးသည်။ သီတာဝင်း ပံ့ပိုးသည်။
လွန်ခဲ့တဲ့ နှစ်လဝန်းကျင် ကပေါ့။ ညနေဘက် အလုပ်ပြီးလို့ အိမ်ပြန်ရောက်ချိန် အမေပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်ထိတ်လန့်သွားတယ်။”ကံကောင်းလို့ နင်တို့ အမေ့ကို အခုအချိန်အထိ တွေ့နေရ တာ။ မဟုတ်ရင် နေ့လယ်က ငါသေသွားပြီ”တဲ့။
ဘာကြောင့် ဒီလိုပြောရတာလဲလို့ မေးလိုက်တော့ အမေက မီးဖိုချောင်ကို ခေါ်ပြတယ်။ အမေ လက်ညှိုးညွှန်ရာကို ကြည့် လိုက်တော့ ကွန်ကရစ်ယက်မတိုင်မှာ အပေါက်ကြီးတစ်ပေါက် ဖြစ်နေတာ တွေ့ရတယ်။အဲဒီ RC သံကူကွန်ကရစ် ယက်မတိုင်ကနေ အလျားတစ် တောင်၊ အနံတစ်မိုက်ကျော်ကျော်လောက်ရှိတဲ့ ကွန်ကရစ် အခဲကြီး ကြွေကျခဲ့တာပါ။ ဒီကြွေကျနေတဲ့ ကွန်ကရစ်တိုင်ကို ကြည့် လိုက်တော့ အတွင်းက သံချောင်းနှစ်ချောင်းကို တွေ့လိုက်ရ တယ်။ အဲဒီသံချောင်းကို လက်နဲ့ ကိုင်ပြီး ဖိကြည့်လိုက်တဲ့အခါမှာ သံချောင်းတွေက ဆွေးမြည့်နေတော့ ကြွေကျလာပါတယ်။ မြေ ကြီးခဲကို ခြေမွလိုက်သလိုပဲ။
အခုမှ သတိထားမိတယ်။ အိမ်နောက်ဖေးနံရံတွေ အက်ကွဲ ကြောင်းလိုက်နေတာ တော်တော်များများပဲ။အဲဒီမနက်က အမေက ဈေးကနေ ပြန်လာတာ။ ဟင်းချက်စရာ ပုစွန်တွေကို ဝယ်လာတယ်။ အမေဟာ သား၊ ငါးကိုင်ရင် မီးဖိုခုံနား သမံတလင်းပေါ်မှာ ထိုင်ပြီး ကိုင်လေ့ရှိတယ်။
အဲဒီနေ့က အမေက ဝယ်လာတဲ့ ပုစွန်ကို ကိုင်ဖို့အတွက် အဲဒီနေရာလေးမှာ ပြင်ဆင်ပြီးသွားပြီ။ အဲဒီနေ့ကျမှ အမေက ပုစွန်အရင်ကိုင်ရင်ကောင်းမလား၊ အဝတ်အရင်လျှော်ရင် ကောင်းမလား ဒွိဟဖြစ်နေတယ်။ ပုစွန်မကိုင်သေးဘဲ အဝတ်တွေကို အရင်လျှော်ဖွပ်ဖို့ အမေဆုံးဖြတ်လိုက်ပါတယ်။ ရေချိုးခန်းထဲဝင်ပြီး ပထမဆုံး အဝတ်တစ်ထည်ကို ကောက်ကိုင်လိုက်ချိန်မှာပဲအသံကြီးတစ်သံကို ကြားလိုက်ရတယ်။
”အုန်းခနဲ အသံကြီးကြားရတာ။ (ပုစွန်ကိုင်မယ့်) နေရာအပေါ်က ကွန်ကရစ်အခဲကြီး ကြွေကျလာတာ။ အမေသာ ပုစွန်ကိုင်နေရင်တော့ ခေါင်းပေါ်ကိုကွက်တိပဲ ၊ဘုရား၊တရားမလ့ို ရေချိုးခန်းထဲ ဝင်လာမိတာ။ ကံကောင်းသွားတယ်”လို့ စိုးရိမ်မကင်းတဲ့ မျက်နှာနဲ့ အမေက ပြန်ပြောပြတယ်။ဒီလိုဖြစ်ခဲ့တဲ့ကျွန်တော်တို့တိုက်ကတော့ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနဲ့ ပုသိမ်လမ်းထောင့်မှာရှိတဲ့ လေးခန်းတွဲခြောက်ထပ်တိုက် ဖြစ်ပါတယ်။ သက်တမ်း နှစ် ၃ဝ နီးပါးရှိနေပြီဖြစ်တဲ့ ဒီတိုက်ပေါ်မှာ ကျွန်တော်တို့ ရှစ်နှစ်နီးပါး နေထိုင်လာခဲ့တာပါ။ အခုတော့ ဒီတိုက်ဟာ ကျွန်တော်တို့အတွက် လုံခြုံမှုမပေးနိုင်တော့ဘူးလို့ ခံစားလာရတယ်။ အချိန်မရွေး မတော်တဆမှုတွေ ဖြစ်လာနိုင်ပါတယ်။
နေ့လယ်နေ့ခင်း အလုပ်ကိုယ်စီနဲ့ အပြင်ထွက်ပြီး အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ မိသားစုဟာ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အမေ့အတွက် စိတ်မအေးနိုင်တော့ပါဘူး။ဒါပေမဲ့ ဒီအိမ်က ပြောင်းရွှေ့နေထိုင်ဖို့ဆိုတာလည်း ချက်ချင်းကြီး မဖြစ်နိုင်သေးပါဘူး။ ဒီအိမ်က ကျွန်တော်တို့ အပိုင်မဟုတ်ပါဘူး။ နှစ်ချုပ်နဲ့ ငှားနေတဲ့အတွက် စာချုပ်မပြည့်ခင်ပြောင်းရွှေ့နေထိုင်ဖို့ဆိုတာ ငွေကြေးအဆင်သင့် မဖြစ်သေးတဲ့အနေအထားပါ။ ဒါကြောင့်လည်းပဲ အန္တရာယ်ရှိမှန်းသိပေမယ့်အဲဒီအန္တရာယ်တွေကြားထဲမှာပဲ ဆက်နေထိုင်ဖို့ အကြောင်းဖန်လာတာဖြစ်ပါတယ်။
ဒီလို ကြံ့ခိုင်မှုမရှိတော့တဲ့၊ ပြောရရင်တော့ အချိန်မရွေးအန္တရာယ်ကျရောက်နိူင ်တဲ့အဆောက်အအုံတွေမှာ နေပြးီ လြုံ ခုံမှုမရှိ ခံစားနေရတာ ကျွန်တော်တို့ တစ်မိသားစုတည်းတော့မဟုတ်ပါဘူး။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(မြို့တော်စည်ပင်)ရဲ့ စာရင်းတွေအရ လက်ရှိအချိန်ထိ ရန်ကုန်မြို့တွင်းမှာအန္တရာယ်ရှိအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်ထားခဲ့တဲ့အဆောက်အအုံပေါင်း တစ်ထောင့်နှစ်ရာကျော် ရှိနေပါတယ်။အတိအကျဆိုရင်တော့ ၁,၂၆၆ လုံးပါ။”(အန္တရာယ်ရှိ အဆောက်အအုံ) မသတ်မှတ်ရသေးတဲ့အဆောက်အအုံတွေလည်း ရှိနေသေးတယ်”လို့ မြို့တော်စည်ပင်အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။အန္တရာယ်ရှိ အဆောက်အအုံ သတ်မှတ်တဲ့ကိစ္စမှာ မြေရှင်၊ဒါမှ မဟုတ် အိမ်ရှင်တွေ၊ သက်ဆိုင်ရာမြို့နယ်အာဏာပိုင်တွေကလာရောက်လျှောက်ထားတဲ့အခါကျမှ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေက အဆောက်အအုံရဲ့ ကြံ့ခိုင်ရည်နဲ့ ခံနိုင်ရည်စွမ်းအားကိုသွားရောက်စစ်ဆေးလေ့ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
အန္တရယ်ရှိ အဆောက်အအုံဆိုတာ
စစ်ဆေးရာမှာ အုတ်တွေ ဆွေးနေသလား၊ သစ်တွေ ဆွေးနေသလား၊ ဘိလပ်မြေရဲ့ ခံနိုင်ရည်စွမ်းအား ကုန်ခန်းနေပြီလားစတာတွေကို စစ်ဆေးပါတယ်။ ဘိလပ်မြေရဲ့စွမ်းအားကို တူနဲ့ရိုက်ခွဲ စမ်းသပ်ကြည့်တယ်။ဒါတွေလုပ်ပြီးပြီဆိုတော့မှ ကြံ့ခိုင်မှုမရှိတော့ဘူးဆိုရင် လူတွေမနေသင့်တော့တဲ့ အန္တရာယ်ရှိအဆောက်အအ ုံ(Dangerous Building-DB) အဖြစ် သတိပေးဆိုင်းဘုတ်ကပ်ဖို့ လုပ်ဆောင်တယ်လို့ ၎င်းက ဆက်ရှင်းပြပါတယ်။အန္တရာယ်ရှိ အဆောက်အအုံဆိုတာ နှစ်အပိုင်းအခြားနဲ့မသက်ဆိုင်ဘဲ အဆောက်အအုံရဲ့ ကြံ့ခိုင်ရည်နဲ့သာ သက်ဆိုင်တယ်လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနတို့မှ တာဝန်ရှိသူတွေက ရှင်းပြကြပါတယ်။
အိုဟောင်းနေတဲ့ အဆောက်အအုံတိုင်းလည်း အန္တရာယ်မရှိနိုင်ဘူးလို့ မြို့တော်စည်ပင် အင်ဂျင်နီယာဌာနက တာဝန်ရှိသူက ပြောပြပါတယ်။”သူ့ဟာသူ နှစ်တစ်ရာကြာလို့ ခိုင်တဲ့ဟာတွေလည်းအများကြီးပဲ။ လေး၊ ငါးနှစ်မှာ ဆောက်ထားပေမယ့် ပြုတ်ကျပြိုကျနေတာတွေ အများကြီးပဲ”လို့ သူက ပြောပါတယ်။အခုနောက်ပိုင်းဆောက်လုပ်မယ့် တိုက်တွေကိုတော့ ရေးဆွဲထားတဲ့ တိုက်ရဲ့ဒီဇိုင်းကို မြို့တော်စည်ပင်က သေချာစစ်ဆေးပြီးမှသာ ခွင့်ပြုတယ်လို့ဆိုပါတယ်။ ဒီ့အပြင် မြို့တော်စည်ပင်၊စစ်ဆေးရေးအင်ဂျင်နီယာအဖွဲ့ကို မြို့နယ်အလိုက် ထပ်မံဖွဲ့ စည်းထားပြီး တိုက်တွေဆောက်လုပ်ရာ လုပ်ငန်းခွင်တွေကို စည်းကမ်းနဲ့အညီ ဆောက်လုပ်ခြင်းရှိ၊ မရှိ လိုက်လံစစ်ဆေးနေတယ်လို့လည်း အထက်ပါအရာရှိက ဆိုပါတယ်။အဲဒီလိုစစ်ဆေးနေပေမယ့် တရားမဝင်ဆောက်လုပ်မှုတွေလည်း ရှိနေပါတယ်။ အဲဒီလို တရားမဝင်ဆောက်လုပ်နေတာတွေကို စစ်ဆေးအရေးယူထားတဲ့ တိုက်အလုံးရေဟာ တစ်ထောင်ကျော်တောင် ရှိနေတယ်လို့ မြို့တော်စည်ပင်က ဆိုပါတယ်။
၁၉၈၈ ခုနှစ် မတိုင်ခင်က ဆောက်လုပ်ခဲ့တဲ့ တိုက်တွေကိုတော့ စစ်ဆေးရေးအင်ဂျင်နီယာအဖွဲ့မရှိသေးတဲ့အတွက် ဒီလိုသေချာစွာ စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။၁၂ ထပ်နဲ့အထက်မြင့်တဲ့ အဆောက်အအုံတွေကိုတော့အထပ်မြင့်အဆောက်အအုံ စီမံကိန်းများအရည်အသွေးကြီးကြပ်မှုပညာရှင်အဖွဲ့က တာဝန်ယူပြီး ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံဖြစ်ဖို့အတွက် စစ်ဆေးမှုတွေကို အမေရိကန်စနစ်များကိုအခြေခံပြီး နိုင်ငံတကာအဆင့်မီ လုပ်ဆောင်နေတယ်လို့ ယင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းမြင့်က ဆိုပါတယ်။သဘာဝဘေးအန္တရာယ်တွေဖြစ်လာခဲ့ရင်ထိခိုက်မှုနည်းနိုင်သမျှနည်းအောင်အဆောက်အအုံဆောက်လုပ်တဲ့နေရာမှာထည့်သွင်းတွက်ချက်လုပ်ဆောင်သင့်တယ်လို့လည်းဦးသန်းမြင့်ကဆိုပါတယ်။
အထူးသဖြင့်ငလျင်ဒဏ်ခံနိုင်အောင်လို့ပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ငလျင်ကြောကြီးနှစ်ခုရှိတဲ့အနက် တစ်ခုသော ငလျင်ကြောပေါ်မှာ ရောက်ရှိနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် အဆောက်အအုံတွေ ခံနိုင်ရည်ရှိဖို့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ဦးသန်းမြင့်က ရှင်းပြပါတယ်။ ဒီလို လုပ်ဆောင်ဖို့အတွက် ငလျင်ဒဏ်ခံနိူင်တဲ့ အဆောက်အအုံ ဒီဇိုင်းဖြစ်ဖို့များစွာ လိုနေတယ်လို့လည်း ပြောပါတယ်။”အရင်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံတချို့က လွဲပြီး ကျန်အဆောက်အအုံတွေမှာ ငလျင်ဒဏ်ခံ တွက်ချက်တည်ဆောက်ထားခြင်း မရှိတဲ့အတွက် အားနည်းမှုတွေ ရှိခဲ့ပါတယ်”လို့ ဦးသန်းမြင့်က ဆိုပါတယ်။
၃၁ လမ်းထဲက အန္တရယ်ရှိ အဆောက်အအုံ
မြို့ပြရဲ့ ဝန်ထုပ်ဝန်ပိုး
အဆောက်အအုံအသစ်တွေမှာ အထက်ပါအတိုင်း ကြံ့ခိုင်မှုကောင်းစေရန် ထည့်သွင်းတွက်ချက်မှုတွေ လုပ်ဆောင်ဖို့ ပညာရှင်တွေက တိုက်တွန်းနှိုးဆော်စစ်ဆေးနေစဉ်မှာ ကြံ့ခိုင်မှုမရှိတော့တဲ့၊ တစ်နည်းအားဖြင့် အန္တရာယ်ရှိ အဆောက်အအုံတွေရဲ့ဝန်ထုပ်ဝန်ပိုးကို ရန်ကုန်မြို့ကြီးက ထမ်းပိုးနေရပါတယ်။ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉ လမ်းမှာ နေထိုင်တဲ့အသက် ၆၃ နှစ်အရွယ် ဒေါ်စန်းတင်တို့နေတဲ့ တိုက်ဟာလည်းအန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ် မှတ်ခံထားရပေမယ့်ပြန်ပြီးမတည်ဆောက်နိုင်သေးတဲ့အတွက် တိုက်အဟောင်းလေးမှာပဲ ဆက်နေထိုင်နေရတာပါ။
သူတို့တိုက်ဟာ အပြင်ပန်းကို ကွန်ကရစ်တွေနဲ့ တည်ဆောက်ထားပေမယ့် အတွင်းပိုင်း လှေကား၊ ကြမ်းခင်း၊ မျက်နှာကြက် စတာတွေကိုတော့ သစ်သားတွေနဲ့ပဲ ဆောက်လုပ်ထားတာကို တွေ့ခဲ့ရပါတယ်။ဒေါ်စန်းတင်ဟာ ဒီတိုက်လေးမှာ နေထိုင်လာတာဟာ နှစ်ပေါင်း ၄ဝ ကျော်ကြာနေပြီဖြစ်ပေမယ့် အခုနောက်ပိုင်း စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ အကြောင်းကတော့ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဘေးချင်းကပ်တိုက် ပြိုကျသွားခဲ့တာကြောင့် ဖြစ်ပါတယ်။”အဲဒီဘေးက တိုက်ပြိုတုန်းကတော့ ငါ့တိုက်များ ပြိုတာလား၊ ငါ့တိုက်များ ပါသွားမလားဆိုပြီး တော်တော်လန့်ခဲ့ရတယ်၊အောက်ကိုပြေးဆင်းရတာပေါ့ကွယ်။ ဒီနေ့အချိန်အထိ လန့်နေတုန်းပဲ”လို့ စိုးရိမ်တကြီး ပြောပြခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်ဟာ ၂ဝ၁ဝ၊ မတ်လ အလယ်ပိုင်းလောက်မှာ ဖြစ်ခဲ့တာပါ။ ကုန်သည်လမ်းနဲ့ လမ်း ၃ဝ ထောင့်ကအဆောက်အအုံဟာ ၈ဝ ရာခိုင်နှုန်း ပြိုကျခဲ့တာဖြစ်ပြီး ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး တိုက်ပိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။အဲဒီအဆောက်အအုံဟာလည်း အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားပြီး ပြန်တည်ဆောက်ဖို့ ပြင်ဆင်နေချိန်မှာပြိုကျခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာလည်း အိမ်နောက်ဖေးပြိုကျတဲ့ ဖြစ်စဉ်တွေ၊ဖြိုလက်စတိုက် ပြိုကျလို့ လူသေဆုံးတာတွေ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဧပြီနောက်ဆုံးပတ်မှာ အန္တရာယ်ရှိအဆောက်အအုံတစ်လုံးကို ဖြိုချရင်းနဲ့ တိုက်နံရံပြိုကျလို့ လူသေဆုံးတဲ့ ဖြစ်စဉ်တစ်ခု အလုံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ အလုပ်သမား သုံးယောက် သေဆုံးသွားခဲ့ပါတယ်။အခုအခါမှာတော့ ၂ဝ၁ဝ တုန်းက ပြိုကျခဲ့တဲ့ ဘေးချင်းကပ် တိုက် နေရာမှာ အဆငြ့်မင့် ကွန်ဒိုတစ်လုံးပေါ်ထွက်လာပါပြ။ီဒေါ်စန်းတင်ဟာ ဒီတိုက်အသစ်ကြီးကို ကြည့်ပြီး ကျွန်တော့်ကိုဒီလိုရင်ဖွင့်ပါတယ်။”ကိုယ့်ဘေးနားတိုက်ကတော့ အသစ်ကြီးဖြစ်သွားပြီပေါ့။အဘွားလည်းဒါကို ကြည့်ပြီး အားကျတယ်။ အန္တရာယ်ကင်းကင်းနေချင်တယ်။ အဘွားတို့တိုက်လည်း ဒီလိုဘယ်တော့မှ ဖြစ်မလဲမသိဘူး။ မျှော်နေရတာပေါ့ကွယ်”မိုးတွင်းရောက်ရင် ဒေါ်စန်းတင်တို့အခန်းဟာ မိုးရေယိုတဲ့အတွက် နေထိုင်ရတာ များစွာ အခက်အခဲဖြစ်တယ်လို့ ပြောပြပါတယ်။ မကြာခင်မှာ မိုးကျတော့မှာဖြစ်တဲ့အတွက်လည်း သူကစိုးရိမ်နေရတာဖြစ်ပါတယ်။

