၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂)မှ စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။
မင်းလွင်ရေးသည်။
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ် ရေး ဗဟိုကော်မတီ(Mobile Team)ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမိန့် ညွှန်ကြားချက်ဖြင့် ၂ဝ၁၂၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့ပါသည်။ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်ကတော့ စားသုံးသူအကာ အကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှု လျော့နည်းကျဆင်းရေးအတွက် ဖွဲ့စည်းခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့ ဖွဲ့စည်းခဲ့ရာတွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံး သူရေးရာဦးစီးဌာန အပါအဝင် အကောက်ခွန်ဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် မီဒီ ယာဆိုပြီး အဖွဲ့ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။
အဆိုပါအဖွဲ့အား သက်တမ်းသုံးနှစ်ပြည့်ပြီးသည့်နောက် ၂ဝ၁၅၊ ဒီဇင်ဘာ ၃ဝ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့် ညွှန်ကြားချက်ဖြင့် ပြန်လည်ဖျက်သိမ်းခဲ့သည်။ အကြောင်းမှာ ‘ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများကို လျှော့ချနိုင်ရန် လိုအပ်ချက်အရ’ဖျက် သိမ်းခဲ့ခြင်းဖြစ်သည်ဟု ၂ဝ၁၆၊ ဇန်နဝါရီ ၁ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
တစ်ဖက်တွင်လည်း Mobile Team အဖွဲ့ ဖျက်သိမ်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ သဘောထားထင်မြင်ချက်အမျိုးမျိုးရှိ နေသည်ကို တွေ့ရသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး မော်ကွန်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(ရန်ကုန်တိုင်းရုံး)သို့ သွား ရောက်၍ တာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်းခွင့် တောင်းခံခဲ့သော် လည်း ဖြေကြားပိုင်ခွင့်မရှိဟုဆိုကာ ငြင်းဆန်ခဲ့သည်။
ဇန်နဝါရီ ၁၂ ရက် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးသို့ သွားရောက်ကာ ညွှန်ကြားရေး မှူးချုပ်(ယခင် Mobile Team ဗဟိုတွင် အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ)နှင့် တွေ့ဆုံမေးမြန်ခွင့်ရရှိရေး ထပ်မံ ကြိုးစားခဲ့ပြန်သည်။ သို့သော် ထိုနေ့က ဘဏ္ဍာရေးအစည်းအဝေး ရှိသောကြောင့်ဟုဆိုကာ တွေ့ဆုံခွင့်မရခဲ့ပေ။
တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခွင့်မရခဲ့သော်လည်း Mobile Team နှင့်ပတ်သက်သောအမြင်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်၊ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့ကိုတော့ ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါ သည်။ အောက်ဖော်ပြပါတို့မှာ အဆိုပါ တွေ့ဆုံမေးမြန်းမှုများထဲမှ အချို့ကို ကောက်နုတ်ဖော်ပြပေးခြင်းဖြစ်ပါသည်။
ဒေါက်တာမောင်အောင်
(စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ပုဂ္ဂိုလ်)
”မိုဘိုင်းလ်အဖွဲ့ရှိတုန်းက ကောင်းတာတွေလည်းရှိသလို မကောင်းတာတွေလည်း အများကြီးပေါ့။ အဓိက ရည်ရွယ်ချက် ကတော့ ကုန်သွယ်မှုတွေပိုပြီး ကောင်းမွန်စေချင်တဲ့ဟာနဲ့ ဖွဲ့ခဲ့ တာပေါ့။ ဒါပေမဲ့ မကောင်းတာတွေလည်း အများကြီးရှိတယ်။
”မိုဘိုင်းလ်အဖွဲ့ရှိတဲ့အတွက် ကောင်းတဲ့အချက်တွေက သူ တို့လည်းအများကြီးဖမ်းဆီးတာ၊ စားသုံးရန်မသင့်တာတွေကို ဖျက်ဆီးတာတွေ လုပ်နိုင်ခဲ့တယ်။ ပြီးတော့ အဲဒီလို ဖမ်းဆီးတဲ့ အတွက်လည်း နိုင်ငံတော်ဘဏ္ဍာအတွက် အများကြီးအကျိုးရှိ တာတွေ ရှိခဲ့ပါတယ်။ သို့သော်လည်း ခုနက ပြောသလိုပေါ့။ လူကို အခြေခံတာဖြစ်တဲ့အတွက် ညှိတာနှိုင်းတာတွေ(လာဘ်ပေး လာဘ်ယူကိစ္စ) လည်း အများကြီးရှိခဲ့တာပေါ့။
”ကျွန်တော် အစကတည်းက ပြောခဲ့ပါတယ်။ ဒါကို ဘယ်လိုထိန်းသိမ်းမလဲပေါ့။ အမြဲတမ်းပဲ ပိတ်ဆို့အရေးယူနေမလား ပေါ့။ အဲဒါဆိုရင်တော့ လူကိုအခြေခံတာဖြစ်လို့ ညှိနှိုင်းတာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒါကို စနစ်နဲ့ အစားထိုးရမယ်ဆိုပြီး တော့ ပြောခဲ့ဖူးတယ်”
ဒေါက်တာစိုးထွန်း
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ
”အရင် Mobile Team တွေ မရှိခင်တုန်းကလည်း ဒီအတိုင်းပဲ သွားနေခဲ့တာပေါ့နော်။ တချို့ကိစ္စတွေကျတော့လည်း အစိုးရအနေနဲ့ လုပ်တော့လုပ်နိုင်ခဲ့တာပေါ့။ သို့သော်လည်း ဒီ Mobile Team မရှိလည်း စီးပွားရေးတိုးတက်မှုအပိုင်းမှာတော့ ဘာမှ သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲသွားမယ်လို့တော့ မမြင်ဘူး။
”အဲဒီတော့ ခြားနားချက် ရှိ၊ မရှိဆိုတာက စောစောက ရှင်းပြသလိုပဲလေ။ အရင်တုန်းကလည်း ဒီအတိုင်းပဲ သွားနေခဲ့ တာပဲ။ ပြီးတော့ Mobile Team ဆိုတာကလည်း ဘာမှထူးထူး ခြားခြားအဖွဲ့ကြီးလည်း မဟုတ်ဘူး။
”တခြားနိုင်ငံတွေမှာလည်း ဒီလိုအဖွဲ့မျိုး မရှိဘူး။ ရှိတုန်း ကလည်း ရှိတဲ့အတိုင်း ကျွန်တော်တို့လုပ်ခဲ့တာပဲ။ အခု မရှိတော့ လည်း မရှိတဲ့အတိုင်း လုပ်ရုံပဲပေါ့။ ဒီအပေါ်မှာတော့ ဘာမှ မှတ် ချက်ပေးပြောစရာ မရှိပါဘူး။ တရားမဝင်လုပ်တယ်ဆိုတာက လည်း ဘယ်တော့မှ ပျောက်သွားအောင် လုပ်လို့ရမှာမှ မဟုတ်တာ”
ဦးခင်ဟန်
ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ
” Mobile Team မရှိတော့ဘူးဆိုရင်တော့ တရားမဝင် တင်သွင်းတဲ့ အနေအထားတွေက ပိုပြီးတော့ ဖြစ်လာနိုင်တယ် လို့ ယူဆရတာပေါ့။ ဘာလို့လဲဆိုတော့ ဒီအတိုင်း နားနေတဲ့သူတွေ တောင် ပြန်လုပ်လာနိုင်တယ်။ သူတို့က နဂိုလမ်းကြောင်း(တရား မဝင်တင်သွင်းမှု) ရှိပြီးသားတွေကိုး။
”ဖမ်းဆီးမှုတွေလုပ်စဉ်အခါတုန်းက အတော်လေးတော့ အောင်မြင်တယ်လို့ ပြောလို့တော့ရပါတယ်။ ဒါပေမဲ့ အထိုက် အလျောက်လည်း ယိုပေါက်တွေတော့ ရှိနိုင်တယ်။ အကုန်လုံး မလုပ်နိုင်ပေမယ့် အထိုက်အလျောက်လုပ်နိုင်ခဲ့တယ်လို့တော့ ပြောနိုင်ပါတယ်။
”တရားမဝင် တင်သွင်းတဲ့ဟာကတော့ ပိုပြီးတော့ များ လာနိုင်တယ်။ ပြောမယ်ဆိုရင် ရာခိုင်နှုန်း ရှစ်ဆယ်လောက်တောင် ဖြစ်မယ်ထင်တယ်။ သူတို့ ခုလိုဖျက်သိမ်းတာက သမ္မတကြီး ကိုယ်တိုင်က တစ်ခုခု သဘောမကျလို့ဖြစ်မယ်ထင်တယ်။
”ကျွန်တော်တို့ သိသလောက်တော့ ဒီနောက်ပိုင်းလေးမှာ လာဘ်ပေးလာဘ်ယူမှုအချို့ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တိ တိကျကျပြောဖို့တော့ နည်းနည်းခက်ခဲတာပေါ့။ အဲဒါကြောင့်ပဲ လား၊ ဒါမှမဟုတ် ကချင်မှာရှိတဲ့ ကားတွေကိစ္စကြောင့်ပဲလား တစ်ခုခုတော့ရှိမယ် ထင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်။
”တိုင်းပြည်ရဲ့အခြေအနေအရ နဂိုတည်းကိုက မှောင်ခို လမ်းကြောင်းက ရှိကိုရှိနေတာ။ ရှိနေတဲ့အတွက်ကို ဒီလိုလိုင်းမျိုး (တရားမဝင်တင်သွင်းမှု)မှာ လုပ်နေတဲ့သူ ရှိကိုရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူးပေါ့။ အဲဒီတော့ အခုလို ဖျက်သိမ်းလိုက်လို့ မရှိတော့ဘူးဆိုရင်တော့ နားထားတဲ့သူတွေ က ပြန်လုပ်နိုင်တယ်။
”လက်ရှိမှာက အစိုးရအာဏာလွှဲပြောင်းရေးနဲ့ ဘာနဲ့ ကြားထဲမှာတော့ လမ်းကြောင်းတွေ ချောင်နေနိုင်သေးတာပေါ့။ ဒါပေမဲ့ အစိုးရသစ်လက်ထက်မှာတော့ အပြောင်းအလဲ ရှိလာနိုင် တယ်လို့ ထင်တယ်”
ဦးကိုကိုနိုင်
မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ
” Mobile Team ရှိစဉ်တုန်းကလည်း ကုန်စည်စီးဆင်းမှုနဲ့ ပတ်သက်ရင် ဒီလိုပဲသွားနေတာပဲ။ အခု မရှိတော့ဘူးဆိုတော့ လည်း သိပ်ထူးထူးခြားခြားရှိမယ် မထင်ပါဘူး။ နောက်တစ်ခုက Mobile Team ရှိစဉ်တုန်းကလည်း ကားတွေကို ရပ်တန့်စစ်ဆေး တာတွေရှိပေမယ့် ဘာမှတော့အခက်အခဲ မရှိပါဘူး။ အခု မရှိ တော့ဘူးဆိုတော့လည်း ကားတွေကတော့ အရင်ရှိစဉ်တုန်းက လိုပဲ စည်းကမ်းတကျနဲ့ သွားနေကြမှာပါပဲ။
”ကောင်းအောင်လုပ်တဲ့နေရာမှာတော့ တချို့နေရာလေး တွေမှာ အခက်အခဲတော့ ရှိတာပေါ့။ သိပ်တော့ ပြဿ နာကြီး မဟုတ်ပါဘူး။ အစိုးရအနေနဲ့ကလည်း စားသုံးသူတွေ ကောင်းဖို့ အတွက် လုပ်တဲ့နေရာမှာ ကြန့်ကြာမှုလေးတွေတော့ ရှိခဲ့တာပေါ့။ အနှောင့်အယှက်တွေ ဘာတွေတော့ မရှိပါဘူး။ အနည်းနဲ့အများ ကတော့ (အချိန်ကြန့်ကြာမှု) တော့ရှိတယ်။ သို့သော်လည်း ဒီ အပေါ်မှာတော့ ကျွန်တော်တို့က ဘာမှမှတ်ချက်ပေးစရာတောင် မလိုဘူးလို့ ထင်တယ်။
”လုပ်ငန်းလုပ်တဲ့ လူတွေအပေါ်မှာလည်း အများကြီး မူ တည်ပါတယ်။ ကိုယ်လုပ်တဲ့အပေါ်မှာမူတည်ပြီး ကောင်းကျိုးဆိုး ကျိုး ခံကြရမှာပေါ့။ နိုင်ငံတော်အပိုင်းကလည်း စစ်တာဆေးတာ တွေကို သူ့ဟာနဲ့သူ ပုံမှန်လုပ်နေမှာပါပဲ။ အဲဒီမှာ လုပ်ငန်းလုပ်တဲ့ သူတွေက မှန်မှန်ကန်ကန်နဲ့ အခွန်အခတွေကို ပေးဆောင်ကြ မယ်ဆိုရင်တော့ ဘာမှ ပြဿ နာမရှိပါဘူး။ အခွန်တွေမပေးဆောင် ဘူး၊ မှန်မှန်ကန်ကန် လုပ်ဆောင်တာမျိုးမရှိဘူးဆိုရင်တော့ စစ် တာဆေးတာတွေ ခံရမှာပေါ့။ အဲဒီမှာ အခက်အခဲတွေတော့ ရှိ လာနိုင်တာပေါ့။
”လောလောဆယ်တော့ ဒီလိုချက်ချင်းလက်ငင်းကတော့ သုံးသပ်ရတာ ခက်တာပေါ့။ အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် တော့ Mobile Team ရှိလို့လည်း ပြောင်းလဲမှုမရှိနိုင်သလို မရှိ လို့လည်း ဘာမှထူးခြားဖြစ်စဉ်တော့ မရှိနိုင်ဘူးလို့ မြင်ပါတယ်။ ။

