သဘာဝသယံဇာတထုတ်လုပ်ရောင်းချသော ကမ္ဘာ့နိုင်ငံပေါင်း များစွာဖြင့် ဖွဲ့စည်းထားပြီး နော်ဝေနိုင်ငံတွင် ရုံးချုပ်တည်ရှိသည့် သဘာဝသယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (Extractive Industries Transparency Initiative – EITI) ၏ အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် မြန်မာ နိုင်ငံသည် ၂ဝ၁၄ တွင် သတ်မှတ်ခံခဲ့ရသည်။
အဖွဲ့ဝင်လောင်းမှ တင်းပြည့်အဖွဲ့ဝင်အဖြစ်သို့ ရောက်ရှိရန် မြန်မာနိုင်ငံက တစ်နှစ်ခွဲကာလအတွင်း နိုင်ငံတွင်းရှိ သယံဇာတတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများမှရရှိသည့် ဝင်ငွေများကို ပြည် သူလူထုသို့ အသေးစိတ်ဖော်ပြရမည့့် အစီရင်ခံစာတစ်စောင် တင်သွင်းရမည်ဖြစ်သည်။ ၂ဝ၁၆၊ ဇန်နဝါရီ ၂ ရက်တွင် အစီရင်ခံစာကို တင်သွင်းရမည်ဟု EITI အဖွဲ့ချုပ်ရုံးက သတ် မှတ်ထားသည်။ အဆိုပါအစီရင်ခံစာ၏ လက်ရှိအခြေအနေ၊ တွေ့ ကြုံနေရသည့် အခက်အခဲများကို EITI ၏ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဇော်ဦးကို မော်ကွန်းမဂ္ဂဇင်းက တွေ့ ဆုံမေးမြန်းခဲ့ပါသည်။
မော်ကွန်း။ ။ ပထမဆုံးသိချင်တာက အခု မြန်မာနိုင်ငံက ၂ဝ၁၆၊ ဇန်နဝါရီ ၂ ရက်မှာ အပြီးသတ်တင်သွင်းရမယ့် သဘာဝသယံ ဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာရေး ဆောင်ရွက် မှု အစီရင်ခံစာ (Myanmar Extractive Industries Transparency Initiative – MEITI Report) က ဘယ် လောက်ခရီး ရောက်နေပြီလဲဆိုတာ ပြောပြပေးပါ။
ဦးဇော်ဦး။ ။ လိုအပ်ချက်ခြောက်ရပ်မှာ ကျွန်တော်တို့က ငါးရပ် လောက်ကို ပြီးသွားပြီလို့ ပြောလို့ရတယ်။ အဲဒီလိုအပ်ချက်တွေ ဖြစ်တဲ့ နိုင်ငံတော်အစိုးရက EITI လုပ်ငန်းစဉ်တွေကို လုပ်ပါမယ် ဆိုတဲ့တရားဝင် အသိပေးကြေညာတဲ့ကိစ္စက နံပါတ်တစ်အနေနဲ့ စတာပေါ့။ သမ္မတကြီးကိုယ်တိုင် အမိန့်ကြေညာစာထုတ်ပြန်ပြီး တော့ လုပ်မယ်ဆိုပြီး ကြေညာခဲ့တာ။
ဒုတိယအနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်ရှိတဲ့သူတွေက သေ သေချာချာ လေးလေးနက်နက် လုပ်ပါမယ်ဆိုပြီး ကျွန်တော်တို့ အခေါ်ကတော့ EITI ကို ဦးစီးဆောင်ရွက်မယ့်သူတွေပေါ့။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ်နဲ့ EITI အမျိုးသား အဆင့် ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့မှာ EITI နဲ့ဆိုင်တဲ့ဝန်ကြီးဌာန ခြောက်ခုက ပါဝင်ပြီးတော့ ကော်မတီ ဖွဲ့ ကြတယ်။ ဒုတိယအဆင့်ကလည်း ပြီးခဲ့ပြီပေါ့။
တတိယအဆင့်ကတော့ Multi Stakeholder Group (MSG) လို့ခေါ်တဲ့ သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းရတယ်။ သုံးပွင့်ဆိုင်အဖွဲ့မှာ အရပ်ဘက်အဖွဲ့အစည်းတွေ ပါတယ်။ ပုဂ္ဂလိကကော်ပိုရေးရှင်းတွေ ပါတယ်။ နောက်အစိုးရဌာနက ကိုယ်စားလှယ်တွေ ပါတယ်။ အဲဒီမှာ ပုဂ္ဂလိက ခြောက်ဦး၊ အရပ် ဘက်က ကိုးဦး၊ အစိုးရအဖွဲ့ကခြောက်ဦးပေါ့။ အရပ်ဘက် အဖွဲ့ အစည်းတွေ ပိုပြီးပါနိုင်အောင် ကျွန်တော်တို့က ဖွဲ့စည်းခဲ့တယ်။ ညွန့်ပေါင်းအဖွဲ့ကိုတော့ ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင် မောင်သိမ်းဦးဆောင်ပြီး ကျွန်တော်တို့ ဖွဲ့စည်းခဲ့တယ်။ အဲဒီ အဆင့် သုံးခုပြည့်ပြီးတဲ့အခါမှာ EITI လုပ်ချင်ပါပြီဆိုပြီး ကျွန် တော်တို့က နိုင်ငံတကာအဖွဲ့ထံကို လျှောက်လွှာတင်ရတယ်။
အဲဒီလျှောက်လွှာကို နိုင်ငံတကာအဖွဲ့က စိစစ်တယ်။ စိစစ် တဲ့အခါမှာ သုံးပွင့်ဆိုင်အဖွဲ့က တကယ်ရောအလုပ်လုပ်ရဲ့လား ဆိုတာ၊ တကယ်ရော ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်နေတာ ဟုတ်ရဲ့လား၊ ဒီအဖွဲ့မှာ တကယ်တိကျတဲ့ လုပ်ငန်းစဉ်တွေရော ရှိရဲ့လားဆိုတာကို စိစစ်တယ်။
ကျွန်တော်တို့ရဲ့ လျှောက်လွှာမှာ ဘာတွေပါသွားသလဲ ဆိုတော့ သုံးနှစ်စာ အလုပ်လုပ်မယ့် Work Plan(လုပ်ငန်းအစီ အစဉ်) ကိုပါ ပူးတွဲတင်ပြရတယ်။ ကျွန်တော်တို့က EITI ကို ခဏ ပန်းလုပ်တာမဟုတ်ဘူး၊ ဒီအစိုးရသက်တမ်းတစ်ခုတည်းမှာ လုပ် တာမဟုတ်ဘူး၊ ရေရှည်ကို လုပ်သွားဖို့ဆိုပြီး ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ကို အဖွဲ့ဝင်လောင်းအနေနဲ့ ၂ဝ၁၄၊ ဇူလိုင်လမှာ အသိအမှတ် အပြုခံရတယ်။
အဲဒီအချိန်ကနေ တွက်လိုက်ရင် နောက် ၁၈ လအတွင်းမှာ အစီရင်ခံစာတစ်ခုကို ပြီးအောင်ဆောင်ရွက်ပေးရမယ်။ ၁၈ လ အတွင်းမှာ အစီရင်ခံစာလုပ်ဖို့ဆိုရင် ပထမဆုံးက သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့(MSG) မှာ ဘာတွေလုပ်ကြမလဲ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးကြရတယ်။
ကျွန်တော်တို့မှာ သဘာဝအရင်းအမြစ်ဆိုတာက အများ ကြီးရှိတယ်။ အဓိကရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ အရင်း အမြစ်တွေ ရှိတယ်။ သတ္တုတွင်းက ရတဲ့အရင်းအမြစ်တွေ ရှိ တယ်။ ပြီးရင် အဖိုးတန်ကျောက်မျက်တွေကထွက်တဲ့ အရင်း အမြစ်တွေ ရှိတယ်။ သစ်တောကရတဲ့ အရင်းအမြစ်တွေ ရှိတယ်။ ရေအားအရင်းအမြစ်လိုဟာမျိုးကိုလည်း တချို့က ထည့်သွင်းဖို့ ဆိုတာတွေရှိတယ်။ တချို့တွေက ဘယ်လောက်အထိတောင် ပြောသလဲဆိုရင် မွေးငါးမဟုတ်တဲ့ သဘာဝအတိုင်း ဖမ်းတဲ့ ငါး ကိုလည်း သဘာဝအရင်းအမြစ်ဆိုပြီး ပြောကြတာရှိတယ်။
သူတို့ဘက်က အကြံပြုချက်တွေကို ကျွန်တော်တို့ နား ထောင်တယ်။ နားထောင်ပြီး စဉ်းစားလိုက်တဲ့အခါမှာ အနည်း ဆုံးတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရယ်၊ သတ္တုတွင်းရယ်၊ နောက် တစ်ခုက ဖြစ်နိုင်မယ်ဆိုရင် ကျောက်သံပတ္တမြားရယ်၊ ဒီကဏ္ဍတွေကို မြန်မာနိုင်ငံ သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်း များ ပွင့်လင်းမြင်သာရေးဆောင်ရွက်မှုအစီရင်ခံစာ (MEITI Report) မှာ ထည့်မယ်ဆိုပြီး ကျွန်တော်တို့ စဉ်းစားခဲ့ကြတယ်။
EITI ရဲ့ အဓိက ကြည့်ရမယ့် လုပ်ငန်းစဉ်တွေက ဘာတွေ လဲဆိုတော့ သဘာဝသယံဇာတထုတ်လုပ်မှု ကဏ္ဍတွေက ရတဲ့ အခွန်ဘဏ္ဍာတွေကို စိစစ်တဲ့ လုပ်ငန်းစဉ်ပေါ့။
ဆိုလိုတာက EITI မှာ အန္တိမရည်မှန်းချက်ကတော့ သဘာဝအရင်းအမြစ်တွေကို တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ မှာ ပွင့်လင်းမြင်သာမှုရှိရမယ်၊ ပြည်သူကို အကျိုးပြုရမယ် ဆိုတဲ့ ဟာ။ သို့သော် သူ့ရဲ့ နည်းဗျူဟာက ဘာလဲဆိုရင် ပွင့်လင်းမြင် သာမှုဆိုတဲ့နေရာမှာ ဘာနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားသလဲဆိုတော့ ဒီလုပ်ငန်းတွေကရတဲ့ ဘဏ္ဍာအရင်းအမြစ်တွေဟာ ပေးတဲ့လူက တစ်ရာပေးတယ်ဆိုရင် ရတဲ့လူကလည်း တစ်ရာအပြည့်ရရမယ်။ အဲဒီနှစ်ခုကြားမှာ နိုင်ငံတကာစံတွေနဲ့အညီ ဒီလိုရှိ၊ မရှိဆိုတာကို စိစစ်မယ်ဆိုပြီး သူ့ရဲ့ နည်းနာနိဿ ယတွေနဲ့ လုပ်ထားတာ။
အဆင့်သုံးခုလောက်ကိုရပြီဆိုတော့ နံပါတ်လေးအဆင့် မှာပဲ ကျွန်တော်တို့က ဘာကို ခေါ်လိုက်ပြီလဲဆိုရင် နိုင်ငံတကာ ကျွမ်းကျင်အဖွဲ့၊ Consultant အဖွဲ့ကို ကျွန်တော်တို့က ရွေးကြပြီ။ အဲဒီနိုင်ငံတကာ Consultant တွေကို ရွေးနိုင်ဖို့အတွက် ကျွန် တော်တို့ကို ကမ္ဘာ့ဘဏ်က အထောက်အကူပေးပါမယ်။ သူတို့ (Consultant)က ဘာတွေလုပ်ကြသလဲဆိုရင် ဒီကဏ္ဍမှာ ထုတ် လုပ်မှု ဒီလောက်ရှိနေတယ်၊ ဒီထုတ်လုပ်မှုတွေက ရတဲ့ ဝင်ငွေက ဒီလောက်ဖြစ်နေတယ်၊ အစိုးရရဲ့ လောလောဆယ် စာရင်းဇယား အရဆိုရင် ဒီငွေတွေဟာ ဒီလောက်အထိ တန်ဖိုးရှိနေပါတယ် ဆို တာတွေကို လာပြီး သုတေသနလုပ်တယ်။
သုတေသနလုပ်ပြီးတော့မှ လက်ရှိရောက်နေတဲ့ ပဉ္စမ အဆင့်ဖြစ်တဲ့ Scoping Study ကို သူတို့က အစီရင်ခံတယ်။ Scoping Study ဆိုတာက ကျွန်တော်တို့သည် သဘာဝဓာတ် ငွေ့အရင်းအမြစ်ကရတဲ့ဝင်ငွေတွေ၊ အဲဒီအထဲမှာ ရေနံလည်း ပါတာပေါ့။ ထုတ်လုပ်တဲ့သူက အကြီးစားကော်ပိုရေးရှင်းတွေကနေ အသေးစား လက်ယက်တွင်းတွေအထိ အကုန်ပါသွားတာပေါ့။ အဲဒီက ရတဲ့ဝင်ငွေတွေကို ကျွန်တော်တို့က စိစစ်မယ်ဆိုရင် နိုင်ငံ တကာကျွမ်းကျင်အဖွဲ့က ကျွန်တော်တို့ကို ဘယ်ကုမ္ပဏီတွေကို တော့ စိစစ်သင့်ပါတယ်ဆိုတာကို သူတို့ကသတ်မှတ်ပေးတယ်။
ဆိုလိုတဲ့သဘောက ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ဆိုရင် ကုမ္ပဏီပေါင်းတစ်ထောင်ကျော်ရှိတယ်ဆိုပါတော့။ တစ် ထောင်ကျော်အားလုံးကို စိစစ်ရမယ်ဆိုရင် ရက်ပေါင်းတစ်ထောင် ကြာသွားမယ်။ EITI စစ်ဆေးတာနဲ့တင် တစ်ဖက်မှာက ပွင့်လင်း မြင်သာမှုတို့၊ တာဝန်ခံမှုတို့က အမျိုးမျိုးဖြစ်ကုန်မယ်။ ရက်ပေါင်း တစ်ထောင်လည်း ပြည့်ရော ရှိသမျှဟာ အကုန်ပြောင်ရောဆိုတာ မျိုး ဖြစ်သွားမယ်။ အဲဒါကြောင့် ထိရောက်တဲ့နည်းလမ်းကို သူတို့(Consultant)မှာ ရှိတဲ့ ကျွမ်းကျင်မှုနဲ့ ကျွန်တော်တို့ကို လုပ်ပေးတာ။
ကုမ္ပဏီပေါင်းကတော့ တစ်ထောင်ရှိနေတယ်။ ဝင်ငွေက တော့ ဒေါ်လာသန်းတစ်ထောင်ရှိတယ်။ ကုမ္ပဏီဘယ်လောက်ကို စစ်ဆေးလိုက်ရင် ဒီကဏ္ဍကြီးတစ်ခုလုံးရဲ့ ၇ဝရာခိုင်နှုန်းနဲ့ ၈ဝ ရာခိုင်နှုန်းလောက်ဟာ အကျုံးဝင်သွားမယ်ဆိုတာမျိုးကို အကြံ ပေးတာ။ အဲဒီလိုလုပ်လိုက်တဲ့အခါ အခုဆိုရင် ကုမ္ပဏီပေါင်း ၁၆ ခုလောက်ကို စစ်ဆေးလိုက်ရင် ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍတစ်ခုလုံးရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို လွှမ်းခြုံသွားတယ်။ လက် ယက်တွင်းတွေလို ဟာမျိုးတွေကို လိုက်ကြည့်စရာမလိုတော့ဘူး။
ဥပမာ-ဒီကဏ္ဍမှာ နိုင်ငံရဲ့ အခွန်ငွေက ဒေါ်လာသန်းပေါင်း တစ်ထောင်လောက်ဝင်တယ်ဆိုရင် ကိုးရာလောက်က ဒီကုမ္ပဏီ ၁၆ ခုလောက်ကို သေချာစစ်ဆေးလိုက်ရင်ပါသွားပြီ။ အဲဒါ ကြောင့် ကျွန်တော်တို့ကို ဒီအတိုင်းလုပ်ရင် သင့်တော်တယ်ဆိုပြီး နိုင်ငံတကာအကြံပေးအဖွဲ့က အကြံပေးတယ်။
သတ္တုတွင်းဆိုရင် ပိုလို့တောင် ခက်တယ်။ ကုမ္ပဏီပေါင်းက အများကြီးရှိတယ်။ ဒီကဏ္ဍအတွက် ကျွန်တော်တို့က အခုဆိုရင် ကုမ္ပဏီပေါင်း ၆၄ ခုကို စစ်ဆေးလိုက်ရင် ကျောက်မျက်ရတနာ ရော၊ သတ္တုတွင်းအတွက်ရော အရေးကြီးတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၈ဝ ရာခိုင်နှုန်းကျော်ကို စိစစ်သွားနိုင်မယ်။ သတ္တုတွင်းကတော့ ကုမ္ပဏီပေါင်း ၆၄ ခုကိုစိစစ်မယ်ဆိုတာ အတိအကျပဲ။ ရေနံက တော့ ၁၆ ခုလို့ ပြောခဲ့တာက အရေအတွက်က သိပ်မသေချာဘူး။
စိစစ်ဖို့ ရွေးခံရတဲ့ ကုမ္ပဏီတွေက လာပြီးတော့ စာရင်းတွေ ကို တင်ပြရမယ်။ အခုဆိုရင် ကုမ္ပဏီတွေက ဒီလ(စက်တင်ဘာ)ထဲမှာ လာပြီးတင်ပြရမယ်။ ဒီလကစပြီး နောက်နှစ်လနဲ့ သုံးလ အတွင်းမှာ ဒီတင်ပြလာတာတွေကို စိစစ်ရမယ်။ စိစစ်တဲ့အခါမှာ အချိန်သိပ်ဆွဲလို့မရဘူး။ တစ်ဖက်မှာလည်း အစီရင်ခံစာက အမီရေးရမှာ ရှိနေတယ်။ အစီရင်ခံစာရေးတာရော အချိန်မီ ပြီးပါ့ မလား။ ပြီးနိုင်တယ်ဆိုရင် ကုမ္ပဏီတွေကို စစ်ဆေးတဲ့အခါမှာ အရေအတွက်ကို လိုတိုး၊ ပိုလျှော့တွေ လုပ်ရမယ်။ အခုစစ်ဆေးဖို့ ရွေးထားတဲ့အထဲကမှ ကျွန်တော်တို့က နောက်ထပ်လျော့ရင် လည်း လျော့သွားနိုင်တယ်။ တိုးရင်လည်း တိုးလာနိုင်တယ်။ အချိန်ရှိတယ်၊ လောက်တယ်၊ နောက်ထပ် ဘယ်ကုမ္ပဏီတွေကို လည်း ထပ်စိစစ်ပေးပါဦးလို့ ပြောလာကြရင် ကျွန်တော်တို့က စိစစ်မယ်။
ဥပမာ-ကုမ္ပဏီငါးခုကို လျှော့စိစစ်လိုက်ရင် ဝင်ငွေစိစစ်မှု က ၈ဝ ရာခိုင်နှုန်းကနေ၊ ၇၈ ဒသမ ၅ အထိ လျော့သွားမယ်ဆိုလို့ ရှိရင်၊ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့သွားမယ် ပေါ့။ သို့သော်လည်းပဲ အစီရင်ခံစာ အချိန်မီပြီးရေးက အရေးကြီး နေတာဆိုတော့ ကျွန်တော်တို့အခေါ်ကတော့ Materiality Threshold ပေါ့ဗျာ။ Materiality Threshold ဆိုတာက ဘာလဲဆိုရင် ဒီအစီရင်ခံစာမှာ အားလုံး လက်ခံနိုင်လောက်တဲ့ နိုင်ငံတကာစံတွေနဲ့လည်းညီပြီးတော့ လောက်လောက်လား လားရှိတဲ့ အနိမ့်ဆုံးစံတစ်ခုပေါ့။
ပြီးခဲ့တဲ့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) အစည်းအဝေး မှာ ကော်ပိုရေးရှင်းတွေကရော၊ အရပ်ဘက်ကိုယ်စားလှယ်တွေက ရော၊ အစိုးရကိုယ်စားလှယ်တွေကရော အားလုံး တညီတညာ တည်း ဆုံးဖြတ်ပေးကြတာက လာမယ့် ဇန်နဝါရီလ အမီပဲ အစီ ရင်ခံစာကို လုပ်ရမယ်။ နောက်ထပ်ရက်တိုးတောင်းတဲ့ဟာကို ကျွန်တော်တို့ မလုပ်တော့ဘူး။
အဲဒီအချိန်ကာလအတွင်းမှာ ဖြစ်နိုင်မယ့်အစီရင်ခံစာကို ပဲရေးမယ်။ အဓိကနောက်ကွယ်က အကြောင်းအရင်းကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ သတ္တုတွင်းကဏ္ဍကို ယှဉ်ကြည့် ရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကနေ ရတဲ့ ဝင်ငွေက နိုင်ငံမှာ သဘာဝအရင်းအမြစ်ကနေ ရတဲ့ဝင်ငွေစုစုပေါင်းရဲ့ ၈ဝ ရာခိုင် နှုန်းလောက်ရှိတယ်။ ကျွန်တော်ကတော့ ၈ဝ ရာခိုင်နှုန်းထက် တောင် ကျော်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုရင် သတ္တုကဏ္ဍ က ရတယ်ဆိုတာက ကျောက်သံပတ္တမြားက ရောင်းလို့ရတာပဲ ရှိ သေးတာ။ သတ္တုတွင်းကဏ္ဍက ရမယ့်ဟာတွေက အခုမှ တူး နေကြတုန်းပဲ ရှိသေးတာ။ ဝင်ငွေရယ်လို့ တိတိကျကျမဝင်သေး ဘူး။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကို စိစစ်လိုက်တာနဲ့ EITI စံအရဆိုရင် တော်တော်ကိုအဆင်ပြေနေပြီ။ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကိုလုပ်တဲ့ ကော်ပိုရေးရှင်းကြီးတွေကလည်း နိုင်ငံ တကာ ကော်ပိုရေးရှင်းကြီးတွေဖြစ်တော့ သူတို့မှာ စာရင်း ဇယားကလည်း အတိအကျရှိတယ်။ သတ္တုတွင်းနဲ့ ကျောက်သံ ပတ္တမြားကဏ္ဍကိုတော့ ထပ်ပြီးတော့ ဖြည့်နိုင်သမျှ ဖြည့်လိုက် မယ်ဆိုရင် အစီရင်ခံစာက နိုင်ငံတကာ EITI အဖွဲ့ချုပ်က လက် ခံနိုင်တဲ့ အစီရင်ခံစာဖြစ်နေပြီ။ အဲဒါကြောင့် အစီရင်ခံစာ ပြီး မြောက်ရေးဟာ အရေးကြီးတယ်။
နံပါတ်တစ် အရေးအကြီးဆုံးအချက်က ၂ဝ၁၆၊ ဇန်နဝါရီလ ၂ ရက်မှာ အပြီးသတ်အစီရင်ခံစာတင်သွင်းဖို့ ဆုံးဖြတ်ထားကြ တယ်။ ပြီးလည်း ပြီးဖို့ ရှိပါတယ်။ ဒါပေမဲ့ သတ္တုတွင်းကဏ္ဍမှာမှ ကုမ္ပဏီအချို့ကို ထပ်တိုးစိစစ်လိုက်ရင် အစီရင်ခံစာ ပိုကောင်း သွားမယ်ဆိုပြီး ပြောလာကြရင်၊ သို့သော်လည်းပဲ အဲဒီကုမ္ပဏီ တွေကို စိစစ်လိုက်လို့ အချိန် နောက်ထပ်တစ်လပိုကြာသွားမယ်။ တစ်လထက်ကြာတဲ့အတွက် အစီရင်ခံစာ အချိန်မီထွက်ရှိရေးက အဆင်မပြေ ဖြစ်တော့မယ်ဆိုရင်၊ ရရှိပြီးသား ၉၉ ရာခိုင်နှုန်း အောင်မြင်မှုပါ ဆုံးရှုံးသွားနိုင်တာပေါ့။
ဒီနေရာမှာ အရေးကြီးတဲ့အချက်က EITI International Secretariat ရုံးပေါ့၊ နော်ဝေမှာ အခြေစိုက်တဲ့ EITI ရဲ့ နိုင်ငံ တကာအဖွဲ့ချုပ်ရုံးပေါ့။ ဒီရုံးက ကျွန်တော်တို့ တင်တဲ့ အစီရင်ခံစာ တွေကို စိစစ်ရမယ်။ ဒီရုံးက နိုင်ငံပေါင်း ၅ဝ ကျော်နဲ့ အလုပ်လုပ် နေတာ။ အလုပ်လုပ်နေတာက ကျွန်တော်တို့နိုင်ငံတစ်ခုတည်းနဲ့ မဟုတ်ဘူး။
အီရတ်လိုနိုင်ငံဆိုရင် အစီရင်ခံစာက သိပ်ဆိုးဆိုးရွားရွားနဲ့ စာမျက်နှာ ၆ဝ လောက်နဲ့တင်တဲ့ နိုင်ငံတွေရှိသလို အစီရင်ခံစာ က စာမျက်နှာ ၃,ဝဝဝ လောက်တင်တဲ့ မွန်ဂိုလီးယားလိုနိုင်ငံ တွေလည်း ရှိတယ်။
မွန်ဂိုလီးယားနိုင်ငံကတော့ ကျွန်တော်တို့ EITI အစီရင်ခံ စာတွေမှာ စံထားရတယ်။ ဒါကြောင့်မို့ သမ္မတကြီးကိုယ်တိုင် ကုန် ခဲ့တဲ့ လအနည်းငယ်တုန်းက မွန်ဂိုလီးယားနိုင်ငံကို သွားကြည့် ခဲ့တယ်။
မော်ကွန်း။ ။ ဒါဆို ကျွန်တော်တို့ အခုတင်သွင်းမယ့် အစီရင်ခံစာ က သတ်မှတ်ရက်အတိုင်းပဲ တင်သွင်းမယ်။ နိုင်ငံတကာလက်ခံတဲ့ စံနှုန်းလည်း ရှိမယ်လို့ ဆရာက ဆိုလိုတာလား။ ဒါဆိုရင် အခု အချိန်အထိ အစီရင်ခံစာက ရာခိုင်နှုန်းအားဖြင့် ဘယ်လောက် အထိ ပြီးနေပြီလဲ။
ဦးဇော်ဦး။ ။ ကျွန်တော်တို့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ စိန်ခေါ်မှု အနည်းငယ်ရှိနေတယ်။ သို့သော်EITI မှာက ဘာပါလဲ ဆိုတော့ မလုပ်မဖြစ်လုပ်ရတဲ့ နယ်ပယ်တွေရှိတယ်။ ပြီးရင် အချိန် ရှိရင် ဆက်လုပ်လို့ရအောင် တိုက်တွန်းထားတဲ့ နယ်ပယ်တွေ ရှိတယ်။ ဆိုလိုတာက လုပ်ရမယ်ဆိုရင်တော့ ‘Must’ ပေါ့၊ လုပ် သင့်တယ်ဆိုရင်တော့ သူတို့က’Should’ ပေါ့။ အဲဒီလိုလုပ်ငန်းစဉ် တွေ ခွဲထားတာ ရှိတယ်။ Must နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့က ပြီးသလောက်ရှိနေပြီ။
နိုဝင်ဘာမတိုင်မီမှာ အပြီးသတ်လုပ်နိုင်ပါတယ်။ သတ္တု တွင်းကဏ္ဍနဲ့ ပတ်သက်တာကတော့ ‘Must’ တွေကို လိုက်လုပ် နိုင်ဖို့တောင်မှ တော်တော်လေးကြိုးစားရမယ်။ ဘာကြောင့်လဲ ဆိုရင် သူကများတာကိုး။ များပြီးတော့ သတ္တုတွင်းကဏ္ဍမှာက ‘တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း’ ဆိုသလိုပေါ့။ သတ္တုတွင်းမှာ ကော်ပိုရေးရှင်းအားဖြင့်ဆိုရင် ခုနစ်ခုလောက် ရှိ နေတယ်။
ကျောက်သံပတ္တမြားမှာဆိုရင် အဓိက ကျောက်စိမ်းပေါ့။ ဒီကဏ္ဍက ‘တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း’ဒေသတွေကလည်း မတူကြဘူး။ ရေနံနဲ့ သဘာဝဓာတ်ငွေ့မှာကျ တော့ နံပါတ်(၁) အားလုံးက သဘာဝဓာတ်ငွေ့ပဲ ထုတ်ကြတယ်။ နံပါတ်(၂) သူတို့က နိုင်ငံတကာစံတွေနဲ့ အလုပ်လုပ်ကြတယ်။ ပြီးရင် သူတို့ကိုယ်တိုင်ကိုယ်က EITI ဆိုတာကို တခြားနိုင်ငံတွေ မှာ ကြုံဖူးပြီးသား။ ဆိုလိုတာက ကျွန်တော်တို့က EITI အတွက် လိုအပ်တဲ့ အချက်အလက်တွေပေးပါဆိုရင် သူတို့ဘက်က အဆင်သင့် ရှိပြီးသား။ ဒီလိုလေးတွေတော့ ရှိပါတယ်။
မော်ကွန်း။ ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေက ဒီအစီရင်ခံ စာအတွက် အခက်အခဲမဟုတ်ဘူး။ အခက်အခဲရှိနေတာက သတ္တုတွင်းကဏ္ဍက ကုမ္ပဏီတွေအပိုင်းမှာလို့ ဆိုလိုတာလား။
ဦးဇော်ဦး။ ။ ဟုတ်တယ်။ သတ္တုတွင်းကုမ္ပဏီတွေက အခက် အခဲရှိနေတာ။ သို့သော်လည်းပဲ နိုင်ငံတစ်ခုလုံးအနေနဲ့ ပြန်ကြည့် မယ်ဆိုရင် သတ္တုတွင်းကရတဲ့ဝင်ငွေက ကျွန်တော်တို့နိုင်ငံမှာ အခုအချိန်မှာ အဲဒီလောက်အထိ အရေးမပါသေးဘူး။ ကျွန်တော်တို့က ချိန်ရတာပေါ့။ အရေးအကြီးဆုံးကတော့ ဒီနှစ်လုပ် မယ့် အလုပ်ကို ဒီနှစ်ပြတ်အောင်လုပ်ဖို့။ ဘာကြောင့် ဆုံးဖြတ် ချက် ချရတာလဲဆိုရင် ကျွန်တော်တို့က သုံးနှစ်စာလုပ်ငန်း လုပ်ဖို့ ဆိုပြီး ဆွဲထားတာ။
သတ္တုတွင်းကဒီနှစ်လုပ်ရမယ်ဆိုတဲ့ဟာက ဘယ်လိုလဲဆို ရင် အဆင့်တစ်ကနေ တစ်ဆယ်အထိ ရှိကြတယ်ဆိုပါတော့။ တစ်ကနေ တစ်ဆယ်အထိလုပ်လိုက်ရင် သတ္တုတွင်းကဏ္ဍက လုံးဝ ကောင်းသွားမယ်ပေါ့။ ကျွန်တော်တို့ရဲ့ သုံးနှစ်စာ လုပ်ငန်း စဉ်ထဲမှာတော့ ဒီနှစ်မှာ အဆင့်ခြောက်လောက်အထိ စိစစ်လုပ် ထားမယ်။ ခုနှစ်နဲ့ ရှစ်ကို ဒုတိယနှစ်မှာ လုပ်မယ်။ ကိုးနဲ့ တစ်ဆယ် ကိုလုပ်ရင် တတိယနှစ်ရောက်ပြီ။ တတိယနှစ်ရောက်ရင် သတ္တု တွင်းကဏ္ဍကြီးက တော်တော်လေးကို ပွင့်လင်းမြင်သာမှု ရှိသွား ပြီ။ ဒီလိုတွေ ချိန်ထားကြတာပေါ့။
အခု ဘာဖြစ်နေတာလဲဆိုတော့ ဒီနှစ်မှာ တစ်ကနေ ခြောက်အထိ လုပ်ဖို့ဆိုပြီး ရည်မှန်းထားတဲ့ဟာက နည်းနည်း ခက်နေတယ်။ အဆင့်တစ်ကနေ ငါးအထိလောက်တော့ ပြီးနိုင် တယ်။ ဆိုတော့ ပညာရှင်တွေရဲ့အမြင်အရတော့ ဒါက သင့်တော် ပါတယ်။ မမှားဘူးပေါ့။ နိုင်ငံတကာစံနှုန်းအရဆိုရင်လည်း ပြဿ နာမရှိနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သဘာဝသယံဇာတ ထုတ်လုပ်မှုကရတဲ့ နိုင်ငံလုံးဆိုင်ရာ ဝင်ငွေစုစုပေါင်းရဲ့ ၁ဝ ရာ ခိုင်နှုန်းတောင် သတ္တုတွင်းကဏ္ဍရဲ့ ဝင်ငွေက မရှိသေးဘူး။
အဲဒီဘက်ရှုထောင့်ကနေကြည့်ရင် ဒီကဏ္ဍက နောက်နှစ် ကျရင် အဆင့်ငါး၊ ခြောက်ကနေ စလုပ်ပေါ့။ တတိယနှစ်ကျရင် ရှစ်၊ ကိုး၊ တစ်ဆယ်ဆက်လုပ်ပေါ့။ ဆိုလိုတာက EITI က တစ်နှစ် တည်းနဲ့လုပ်စရာမလိုဘူး။ အဖွဲ့ဝင်ဖြစ်သွားရင်လည်း EITI အစီ ရင်ခံစာကို နှစ်စဉ်ဆက်တိုက်လုပ်ရတော့မှာ။ နောက်အစိုးရက လည်း ဆက်တိုက် ဆက်လုပ်သွားရတော့မှာ။ ဒီဟာက တိုင်းပြည် အတွက် ကောင်းတဲ့လုပ်ငန်းစဉ် ဖြစ်တဲ့အတွက်ကြောင့် နောက် အစိုးရကလည်း မလုပ်ဘူးလို့တော့ ငြင်းမယ်လို့ မထင်ဘူး။
နောက်အစိုးရလက်ထက်မှာ လုပ်မယ့်ကိုင်မယ့် သူတွေက လူသစ်တွေဖြစ်ရင်တော့ သူတို့အတွက်ကလည်း အခက်အခဲ ရှိ ကောင်းရှိမယ်။ ယခင်လုပ်ခဲ့ဖူးတဲ့သူတွေ ပါမယ်ဆိုရင်တော့ ၂ဝ၁၇ မှာ တင်ရမယ့် အစီရင်ခံစာဆိုရင် မြန်မြန်လေးတောင် တွန်းပြီး လုပ်သွားလို့ ရရင်ရမယ်။
တစ်ခါတည်းနဲ့ အပြီးလုပ်ရမယ့် လုပ်ငန်းမဟုတ်ဘူးဆို တော့ ကျွန်တော်တို့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့က ဒီလိုပဲ လွယ် လွယ်ကူကူနဲ့ ဆုံးဖြတ်ခဲ့တယ်။ အချိန်မီ အစီရင်ခံစာကို တင်သွင်း မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။
အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၈)မှ အင်တာဗျူ း ဆောင်းပါး ဖြစ်ပါသည်။
ကျော်ဇေယျ တွေ့ဆုံမေးမြန်းသည်။

