ရှစ်တန်းကျောင်းသူချစ်မြတ်နိုးတစ်ယောက်သူ့ကိုမချစ်မနှစ်သက်သောပတ်ဝန်းကျင်၌ဆက်လက် နေထိုင်လိုစိတ်တွေကုန်ခန်းလာသည်။တစ်ခုသောညနေခင်းတွင် လောကကြီးမှအပြီးပိုင်စွန့်ခွာသွားလို့ရမည်ဟုယူဆထားသောနည်းလမ်းတစ်ခုကို တွေ့သွားပြီးယင်းအတိုင်းအကောင်အထည်ဖော်ဖို့ချစ်မြတ်နိုး (အမည်လွှဲ) ဆုံးဖြတ်လိုက်သည်။ဆုံးဖြတ်ပြီးသည်နှင့်လိုအပ်သောပစ္စည်းများဝယ်ယူပြီးအိမ်တွင်သူ့အတွက်ထားပေးထားသောအခန်းကျဉ်းလေးထဲသို့ချစ်မြတ်နိုးဝင်သွားသည်။
အလင်းရောင် ကောင်းကောင်းမရသောအခန်းကျဉ်းလေးထဲတွင်ချစ်မြတ်နိုးတစ်ယောက်တည်း။သူအပူတပြင်းရှာဖွေ နေသောစိတ်ထွက်ပေါက်ကသူ၏လက်တစ်ကမ်းအကွာတွင်ရှိနေသည်။ထိုစိတ်ထွက်ပေါက်ဆီကို ရောက်ဖို့ရန်လည်းသူ့ကိုကူညီမည့်အရာသူ့လက်ထဲတွင်အဆင်သင့်ရှိနေသည်။ ဘေးတစ်ဖက်ခန်းမှာတော့အဘိုး၊အဘွားများ၏ ပြောသံဆိုသံခပ်သဲ့သဲ့ကိုကြားနေရသည်။
ထွက်ပေါက်ကို မြန်မြန်မြင်တွေ့လိုသည့်ချစ်မြတ်နိုးသည်သူ့လက်ထဲရှိ ဆေးထုပ်ငါးထုပ်ထဲမှနှစ်ထုပ်ကိုဖွင့်ဖောက်လိုက်သည်။ထို့နောက် ဆေးမှုန့်တွေကိုသူ့ပါးစပ်ထဲ လောင်းထည့်ပစ်လိုက်သည်။အစတုန်းကတော့ဝယ်ထားသည့် ဆေးထုပ်ငါးထုပ်စလုံးကို သောက်လိုက်ဖို့ရည်ရွယ်ထားသည်။သို့သော်အနက် ရောင်ဆေးမှုန့်၏ဆိုးရွားသည့်အနံ့၊ခါးလွန်းသည့်အရသာ ကြောင့်နှစ်ထုပ်ကိုသာ ဖောက်သောက်ဖြစ်ခဲ့သည်။ချစ်မြတ်နိုး သောက်ခဲ့သည့်ထိုဆေးမှုန့်ကအခြားမဟုတ်။ကြွက်သတ်ဆေး။
ဆေးသောက်ပြီးတစ်မိနစ်လောက်အကြာမှာတော့သူ့တစ်ကိုယ်လုံးမီးနှင့်အရှို့ခံရသလိုပူပြင်းတောက်လောင်လာသည်။တစ်ကိုယ်လုံးလည်း ချွေးတွေနှင့်ရွှဲနစ်လာသည်။အပူဒဏ်ကိုမခံစားနိုင်သောကြောင့်အဝတ်တွေကိုဆွဲချွတ်ကာလွှင့်ပစ်လိုက်သည်။ဘယ်လိုမှမနေနိုင်တော့သည့်အဆုံးဝါးကြမ်းခင်းပေါ်မှာချစ် မြတ်နိုးလူးလှိမ့်နေမိတော့သည်။ဘာမျှမကြာလိုက်။ဗိုက်ထဲတွင်ပူလွန်းသည့်ဒုက္ခကိုမခံနိုင်တော့သဖြင့်ချစ်မြတ်နိုးထိုးအန်လေ တော့သည်။အခန်းတစ်ခုလုံးအန်ဖတ်နံ့၊ ဆေးအနံ့များနှင့်မွှန်ထူသွားသည်။
သူ့အပေါ်မကြင်နာသော၊အထင်သေးသော၊ခွဲခြားဆက်ဆံသောပတ်ဝန်းကျင်မှချစ်မြတ်နိုးမည်မျှပင်တိတ်တဆိတ်ထွက်သွားချင်ပါသော်လည်းထိုသို့ ဖြစ်ခွင့်မကြုံလိုက်။ချစ်မြတ်နိုးအခန်းမှကြွက်ဆေးနံ့ရသွားသော၊ဟိုလှိမ့်၊ဒီလှိမ့်လှိမ့်နေသည့်အသံကိုကြားသွားသောအဘိုးအဘွားများကအခန်းထဲဝင်လာပြီး တွေ့လျှင်တွေ့ချင်း ကောက်မပြီး ဆေးရုံကိုအချိန်မီပို့ပေးခဲ့ကြသဖြင့်အသက်ရှင်သန်ခွင့်ရလိုက်သည်။တစ်နည်းအားဖြင့်သူရွံမုန်းသောပတ်ဝန်းကျင်ကိုအလျှော့မပေးဘဲအန်တုဖို့၊ခုခံတွန်းလှန်ဖို့ လောကကြီးကသူ့ကို သေမင်းလက်မှ ဆောင့်ဆွဲယူထားလိုက်သည်။
”တစ်ကိုယ်လုံးမီးနဲ့ရှို့လိုက်သလိုခံစားလိုက်ရတယ်။ဒါ ပေမဲ့အဲဒီအချိန်မှာစိတ်အရမ်းညစ်နေတော့ကိုယ်သေချင်နေတာတစ်ခုပဲသိခဲ့တယ်။ကျန်တာဘာမှမစဉ်းစားမိခဲ့ဘူး”ဟုလွန်ခဲ့သည့်လေးနှစ်ကဇာတိမြေဖြစ်သည့်ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲက ကျေးရွာလေးတစ်ရွာမှာမိမိကိုယ်မိမိ သေကြောင်းကြံခဲ့ပုံကိုအသက်၁၉နှစ်အရွယ်ချစ်မြတ်နိုးက ပြန်ပြောင်းပြောပြသည်။
ချစ်မြတ်နိုးကဲ့သို့မိမိကိုယ်မိမိ သေကြောင်းကြံသည့်အမှုကိစ္စမျိုးကို မြန်မာလူမှုအသိုင်းအဝိုင်းတွင်မကြာခဏကြားသိ နေရသည်။ သေကြောင်းကြံကြသူများထဲတွင်ပတ်ဝန်းကျင်မှအချိန်မီသိရှိသွားသောကြောင့် သေတွင်းနှုတ်ခမ်းဝမှလက်မတင်ကလေးကယ်ထုတ်ခံရသူများရှိသကဲ့သို့အချို့ကျတော့လည်း သေတွင်းထဲတည့်တည့်ကျသွားကြသည်များလည်းရှိသည်။
ဝါရှင်တန်တက္ကသိုလ်ရှိကမ္ဘာလုံးဆိုင်ရာကျန်းမာရေးသုတေသနဌာနတစ်ခုဖြစ်သည့်Institute for Health Metrics and Evaluationက ပြုလုပ်ခဲ့သည့်Global Burden of Disease စစ်တမ်းအရအသက်၁၅နှင့်၁၉နှစ်ကြား မြန်မာမိန်းကလေးများမိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုသည်ပြီးခဲ့သည်အနှစ်၂ဝအတွင်း မြင့်တက်လာခဲ့သည်ဟုဆိုပါသည်။
အဆိုပါစစ်တမ်းအရ၁၉၉ဝတုန်းကမိမိကိုယ်ကိုယ်သေ ကြောင်းကြံစည်မှုသည်အသက်၁၅နှစ်မှ၁၉နှစ်ကြား မြန်မာမိန်းကလေးများကို သေဆုံးစေခဲ့သည့်နံပါတ်(၅)တရားခံဖြစ်ခဲ့ရာမှ၂ဝ၁ဝခုနှစ်အရောက်တွင်တော့နံပါတ်(၄) တရားခံဖြစ်လာခဲ့သည်။နံပါတ် (၁)၊ (၂)၊ (၃) တရားခံများကတော့လမ်းပေါ်တွင်မတော်တဆဖြစ်မှု၊အမျိုးသမီးရောဂါနှင့်အကြမ်းဖက်တိုက်ခိုက်ခံရမှုတို့ ဖြစ်သည်ဟုဆိုသည်။
ကမ္ဘာတစ်ဝန်းတွင်တော့အသက်၁၅နှစ်မှ၁၉နှစ်ကြားမိန်းကလေးများကို သေဆုံးစေခဲ့သည့်နံပါတ် (၁) တရားခံမှာမိမိကိုယ်ကိုယ်သတ်သေမှုဖြစ်သည်။
ဘာကြောင့် သေကြောင်းကြံ
အသက်၁၅နှစ်မှ၁၉နှစ်ကြားအရွယ်များသည်ပညာသင်ယူသည့်နေရာတွင်သာမကအလုပ်အအကိုင်၊အခွင့်အလမ်းရှာဖွေသည့်နေရာ၌ပါ ပြင်းထန်သောပြိုင်ဆိုင်မှုများကိုကြုံတွေ့တတ်ကြသည်ဟုစိတ်ပညာရှင်ဒေါက်တာခင်မြင့်ကသုံးသပ်သည်။ထို့ပြင်လူနေမှုအဆင့်အတန်းကွာဟမှုကိုလည်းပိုမိုကြုံတွေ့ခံစားရတတ်သည်ဟု ဒေါက်တာခင်မြင့်ကသုံးသပ်ပြသည်။ နောက်ဆက်တွဲအဖြစ်စိတ်ဖိစီးမှုများလာသည့်ဒဏ်ကိုလည်းခံကြရတတ်သည်ဟုသူကဆိုသည်။
”ပညာရေးမှာပြိုင်ဆိုင်မှုများလာတဲ့အတွက်သူတို့မှာစိတ်ဖိစီးမှုပိုများလာတာရယ်၊အလုပ်အကိုင်၊အခွင့်အလမ်းပြိုင်ဆိုင်မှုများလာတာရယ်၊ နောက်တစ်ခုကမိသားစုပြဿ နာပဲ။ဒီပြဿ နာတွေကိုသူတို့ကအမြဲတမ်း နေ့တိုင်းကြားနေရတော့ဒါတွေကဒီကလေးတွေကိုစိတ်ဓာတ်ကျစရာဖြစ်စေတယ်”ဟု ဒေါက်တာခင်မြင့်ကရှင်းပြသည်။
အချို့မိန်းကလေးများမှာ နောက်ပိုင်းတွင်တဖြည်းဖြည်းနှင့်အနာဂတ်ပျောက်လာသကဲ့သို့ခံစားရပြီးထွက်ပေါက်အဖြစ်ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့စဉ်းစားလာတတ်ကြသည်ဟုဆိုပါသည်။
စိတ်ပညာရှင် ဒေါက်တာခင်မြင့်သုံးသပ်သည်ကမိန်းကလေးငယ်များမိမိကိုယ်မိမိ သေကြောင်းကြံကြခြင်းမှာအများအားဖြင့်မိဘများနှင့်ဆိုင်လေ့ရှိသည်ဟုဆိုသည်။
”ဒီပြဿ နာတွေကမိဘတွေနဲ့ တော်တော်များများဆိုင်တယ်။မိစုံဖစုံမရှိတဲ့သူတွေ၊မိသားစုထဲမှာလင်နဲ့မယား၊သားသမီးနဲ့မိဘ (ရန်)ဖြစ်နေတဲ့မိသားစုတွေ၊ချမ်းသာပေမယ့်အိမ်တွင်းရေးပြဿ နာဖြစ်နေတဲ့မိသားစုတွေမှာကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှုအဖြစ်များတယ်”ဟု ၎င်းကသုံးသပ်သည်။
ယင်းကဲ့သို့မိမိကိုယ်ကိုယ်သတ်သေခြင်းမှာအကြမ်းဖက် ခြင်းတစ်မျိုးဟု ဒေါက်တာခင်မြင့်ကဆိုသည်။
အကြမ်းဖက်ခြင်းတွင်နှစ်မျိုးရှိပြီးပထမတစ်မျိုးမှာမိဘနှင့်စကားများရန်ဖြစ်သည့်အခါမိဘကို ပြန်ဆူခြင်း၊သို့မဟုတ်တခြားလူနှင့်သွားပြီးရန်ဖြစ်ခြင်းမျိုး ဖြစ်သည်ဟုဆိုသည်။အပြင်ကိုသွားပြီးအကြမ်းဖက်ခြင်းဟုဆိုနိုင်သည်။ငယ်ငယ်ကတည်းကစိတ်ဓာတ်ကျတတ်သည့်သူများဆိုလျှင်တော့သူများကိုအကြမ်းမဖက်ဘဲကိုယ့်ကိုယ်ကိုယ်အကြမ်းဖက်တတ်သည်ဟု ဒေါက်တာခင်မြင့်ကရှင်းပြသည်။
ရန်ကုန်မြို့တွင် မော်ကွန်းမဂ္ဂဇင်းက မေးမြန်းဖြစ်ခဲ့သည့်မိန်းကလေး၁၅ဦးအနက်တစ်ဝက်ကျော်ကျော်ကမိသားစု ပြဿ နာကြောင့်ပင်ဖြစ်စေ၊လူမှုရေးပြဿ နာကြောင့်ပင်ဖြစ်စေစိတ်အရမ်းညစ်သည့်အခါမိမိကိုယ်ကိုယ် သေကြောင်းကြံစည်ရန်စဉ်းစားဖူးကြသည်ဟုဆိုသည်။
ရွှေပေါက်ကံမြို့သစ်တွင်ထမင်းဆိုင်ဖွင့်ထားသည့်အသက်၁၈နှစ်အရွယ်မအေးမူကတော့မိဘနှင့်စိတ်သဘောထားချင်းမတိုက်ဆိုင်သောကြောင့်စကားများကြသည့်အခါကိုယ်အရမ်းချစ်သည့်ချစ်သူနှင့်စကားများပြီး ဒေါသတွေထွက်၊စိတ်တွေအရမ်းညစ်နေသည့်အခါမိမိကိုယ်ကိုယ် သေကြောင်းကြံရန်စဉ်းစားမိသည်ဟု ပြောပြသည်။
”ကိုယ့်ရည်းစားနဲ့အဆင်မပြေတဲ့အချိန်၊မိဘကနင်ငါတို့နဲ့မနေနဲ့ဆိုပြီးအိမ်ကနှင်ထုတ်လို့ ဒေါသထွက်နေတဲ့အချိန်၊အဲဒီအချိန်မှာဘာမှမသိဘူး။ကိုယ်လုပ်ချင်တာတစ်ခုပဲသိတယ်။အခုလည်း သေမှာ၊ နောက်လည်း သေမှာပဲ။အခါခါလည်းကိုယ့်ကိုယ်ကိုယ်သတ်သေဖို့စဉ်းစားမိတယ်”ဟုသူကဆိုသည်။
မိဘမရှိတော့သည့်ချစ်မြတ်နိုးဆိုလျှင်အဘိုးအဘွားများနှင့် နေလာသည့်ကာလတစ်လျှောက်လုံးပတ်ဝန်းကျင်၏အထင်သေးမှု၊ခွဲခြားဆက်ဆံမှုတို့ကို တောက်လျှောက်ခံစားလာခဲ့ရသည်။ချစ်မြတ်နိုး ပြောပြသလောက်သူ့ကိုရွာထဲကလူတွေကနှိမ်ကြသကဲ့သို့ ကျောင်းရောက်ပြန်တော့လည်းကလေးအချင်းချင်းကနှိမ့်ချဆက်ဆံသည်ဟုဆိုသည်။ထိုအနေအထားတွင်အဘိုးအဘွားများမှာလည်းစီးပွားရေးကအဆင်မပြေ ဖြစ် နေလေရာဆင်းရဲမွဲတေမှု၏ဒဏ်ကိုပါချစ်မြတ်နိုးတစ်ယောက်ခံစားနေရသည်။
ထိုအခြေအနေများမှလွတ်မြောက်ဖို့ဟူသည်မှာကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှသာရလိမ့်မည်ဟုတွက်ဆမိသည့်အတွက်ကြောင့်လည်းကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းယနေ့အခါရန်ကုန်မြို့တွင်အလုပ်လာလုပ်နေသောချစ်မြတ်နိုးက ပြောပြသည်။
ဓာတ်ပုံ- ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
သေကြောင်းကြံသည့် ပြဿနာ
တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည့်မိမိကိုယ်ကိုယ် သေကြောင်းကြံမှုကြောင့်ကမ္ဘာတွင်နှစ်စဉ်လူတစ်သန်း (စက္ကန့်၄ဝတိုင်းတွင်လူတစ်ယောက်နှုန်း) သေနေကြသည်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီး (World Health Organization – WHO) မှတ်တမ်းများက ဖော်ပြပါသည်။ပြီးခဲ့သည့်၄၅နှစ်အတွင်းတွင်ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်းမှာ၆ဝရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟုWHO မှ ပြုလုပ်သည့်မိမိကိုယ်မိမိသတ်သေမှုကာကွယ်ရေးမှတ်တမ်းတွင် ဖော် ပြထားသည်။
အမေရိကန်အွန်လိုင်းမဂ္ဂဇင်းတစ်စောင်ဖြစ်သော News-week မဂ္ဂဇင်း၏ယခုနှစ်မေလအတွင်း ရေးသားဖော်ပြခဲ့သည့်မျက်နှာဖုံးဆောင်းပါးတွင်တော့တစ်က္ဘာလုံးတွင်မိမိကိုယ်မိမိသတ်သေသူအရေအတွက်သည်တစ်က္ဘာလုံးစစ်ပွဲတွင်း သေဆုံးသူ၊လူသတ်မှုကြောင့် သေဆုံးသူနှင့်သဘာဝဘေးအန္တရာယ် ကြောင့် သေဆုံးသူများထက်ပိုမိုများပြားသည်ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်တော့မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုသည်နှစ်ရက်လျှင်တစ်ဦးနှုန်းရှိနေသည်ဟုဇွန်၂၂ရက်ထုတ်7DAY Dailyသတင်းစာက ရေးသားဖော်ပြပါသည်။၂ဝ၁၂ခုနှစ်တစ်နှစ်တည်းမှာပင်ရန်ကုန်တိုင်းအတွင်း သေကြောင်းကြံစည်မှုပေါင်း၁၈၁မှုဖြစ်ပွားခဲ့ပြီး၁၆၁ဦး သေဆုံးခဲ့သည်ဟုအဆိုပါသတင်းစာကဆိုသည်။
မြန်မာနိုင်ငံအတွင်းမိမိကိုယ်မိမိသတ်သေမှုနှုန်းထားသည်အမှန်တကယ်ပဲ မြင့်မားလာသလား၊သို့မဟုတ်သတင်းမီဒီယာ တွေလွတ်လပ်စွာ ဖော်ပြခွင့်ရလာသည့်အတွက်ကိုယ့်ကိုယ်ကိုယ်သတ်သေကြသည့်သတင်းတွေကိုပိုမိုကြားသိနေရခြင်းလားဆိုသည်ကိုတော့သုတေသနလုပ်ကာဆန်းစစ်ကြည့်ဖို့လိုအပ်သည်ဟု မော်လမြိုင်တက္ကသိုလ်စိတ်ပညာဌာနမှဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်ကအကြံပြုသည်။
မိမိကိုယ်ကိုယ်သတ်သေမှုမှာအကြောင်းအမျိုးမျိုးရှိတတ်ရာ မြန်မာနိုင်ငံ၌ ဖြစ်ပွားသောမိမိကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုများထဲတွင်၂ဝဝ၅မှ၂ဝ၁ဝအထိစီးပွားရေး၊ကျန်းမာ ရေးကြောင့်အဖြစ်များခဲ့သော်လည်း၂ဝ၁၁မှစပြီးလူမှုရေးကိစ္စ ကြောင့်ပိုများသည်ဟုရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးစာရင်းများက ဖော်ပြသည်။
မိမိကိုယ်ကိုယ် သေကြောင်းကြံရာတွင်ယခင်တုန်းကပိုးသတ်ဆေးသောက်တာပိုများသည်ဟုရန်ကုန်ဆေးရုံသစ်ကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမြသောင်းက ပြောပြသည်။
”အခုကျတော့ပါရာစီတမော့ကိုအလုံးငါးဆယ်၊တစ်ရာထိသောက်တာ တွေ့လာတယ်။ သေတော့မသေဘူးပေါ့။ဘာမီတွန်လည်း သောက်ကြတယ်။ သောက်တဲ့အထဲမှာလည်း ခေတ်ပညာတတ်တွေ၊တက္ကသိုလ်ကျောင်းသူတွေကပိုများလာတယ်”ဟု ဒေါက်တာမြသောင်းက ပြောပြပါသည်။
မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်းကိုဥပဒေအရတား မြစ်ထားပါသည်။ သေကြောင်းကြံစည်ပြီးအထမမြောက်သည့်သူများကိုဥပဒေပုဒ်မ (၃ဝ၉) ဖြင့်အရေးယူပြီး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်နိုင်သည်ဟုအရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှဒုတိယရဲမှူးကြီးမြင့်အေးက ပြောပါသည်။
အသက်၁၅နှစ်၁၉နှစ်အရွယ်များမှာရင့်ကျက်သည့်အရွယ်မဟုတ်သေးသည့်အတွက်မိဘနှင့်ဆရာသမားများ၏သွန်သင်ဆုံးမမှုလမ်းကြောင်းလွဲသွားသည့်အခါနည်းနည်းလေးအယူအဆလွဲသွားသည်နှင့်ကိုယ့်ဘဝကိုအဆုံးစီရင်တတ်ကြသည်ဟုဒုတိယရဲမှူးကြီးမြင့်အေးက ပြောပြသည်။
ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊လှည်းတန်းလမ်းတွင်အိမ် ဖော်လုပ်နေသည့်အသက်၁၉နှစ်အရွယ်အမျိုးသမီးတစ်ဦးဆိုလျှင်ယမ်ယမ်ခေါက်ဆွဲသုံးထုပ် ပျောက်ဆုံးသွားသည်နှင့်ပတ်သက်ပြီးအိမ်ရှင်ကလူအများရှေ့တွင်သူ့အား ပြောဆိုဆုံးမသဖြင့်ရှက်ပြီးတိုက်အမြင့်ငါးလွှာမှခုန်ချကာသတ်သေဖို့ကြိုးစားသည့်အမှုယခုနှစ်သြဂုတ်၁ဝရက်တွင် ဖြစ်ပွားခဲ့သည်။သူ့ကို တော့ခုန်မချမီ ဖျောင်းဖျကာအချိန်မီကယ်တင်လိုက်နိုင်သည်။
စိတ်ကိုစိတ်နှင့်ကုပါ
သေကြောင်းကြံစည်မှုကိုဥပဒေအရအပြစ်ပေးအရေးယူ ခြင်းသည် နောက်တစ်ခါအလွယ်တကူမကြိုးပမ်းအောင်တားဆီးလိုက်သည့်သဘောသာဖြစ်ပြီး သေကြောင်းကြံသူ၏စိတ်ကို တော့မပြောင်းလဲနိုင်ကြောင်း ဒေါက်တာခင်မြင့်ကသုံးသပ်သည်။
”အကောင်းဆုံးလုပ်နိုင်တာကတော့စိတ်ကုထုံးနည်းနဲ့ကုပါ။စိတ်ကုထုံးဆရာဝန်တွေနဲ့ ပြပါ။ကိုယ့်သားသမီး ဖြစ်တဲ့အခြေအနေပေါ်မှာမူတည်ပြီးစိတ်ပညာရှင်တွေ၊စိတ်ပညာသင်တဲ့သင်တန်းဆရာမတွေနဲ့တိုင်ပင်ဖို့၊ တွေ့ဖို့လိုတယ်။ဒါကအကောင်းဆုံးနည်းလမ်းပဲ” ဟု ၎င်းကဆက်ပြောသည်။
ဗိုလ်တထောင်မြို့နယ်၊ပညာရာမိကမဟာ(အေ)တိုက်မှ ကျောင်းထိုင်ဆရာတော်ဘဒဒ္ဒ္တသီလဝံက ကျောင်းပညာရေးတွင်ဆုံးမစာပေနှင့် လောကနိတိစာတွေထည့်သွင်းသင်နိုင်လျှင်ပိုမိုကောင်းမွန်မည်ဟုအကြံပြုသည်။
”အရင်တုန်းကပညာရေးမှာဆုံးမစာတွေ၊ လောကနိတိ တွေသင်ကြားခဲ့ရတော့ ပြဿ နာတစ်ခုခုဖြစ်ရင်ဆင်ခြင်တုံတရားရှိတယ်။အခုခေတ်ပညာရေးမှာသက်မွေးပညာကိုသာဦးစားပေးလာကြတော့တစ်ခုခုအခက်အခဲကြုံလာရင်ဆင်ခြင်တုံတရားမရှိတော့ဘူး။အဲဒါကြောင့်မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာ”ဟုဆရာတော်ကမိန့်သည်။
ဒေါက်တာအောင်မြတ်ကျော်စိန်ကစိတ်ပညာနှင့်နှီးနွှယ်ပြီးအခြေခံပညာအဆင့်တွင်လူများနှင့် ပေါင်းသင်းဆက်ဆံရေး၊လူ့အသိုင်းအဝိုင်းတွင်မည်သို့နေထိုင်ရမည်ဆိုသည့်ပညာရပ်များကိုသွယ်ဝိုက်သောနည်းနှင့်ထည့်သွင်းသင့်သည်ဟုအကြံ ပြုသည်။
ကိုယ့်ဘဝကို ပျော်အောင်နေတတ်ရန်လိုအပ်သည်ဟုလည်း ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောသည်။
”ဆိုးရွားသည့် ပြဿနာတစ်ခု ဖြစ်လာတဲ့အခါဒီဟာတွေကငါတစ်ယောက်တည်း ဖြစ်နေတာလို့မမြင်သင့်ဘူး။အများကြီး ဖြစ်နေတာပဲလို့ မြင်သင့်တယ်။ဘာသာတိုင်းမှာဘာသာရေးအဆုံးအမတွေရှိတယ်။ဘာသာရေးအဆုံးအမတွေကိုလိုက်နာပြီးစာပေရဲ့အဆုံးအမတွေကိုဖတ်ပြီး နေသွားသင့်တယ်”ဟု ဒေါက်တာအောင်မြတ်ကျော်စိန်ကဆက်လက်အကြံပြုသည်။
သေကြောင်းကြံစည်မည့်သူများ၏ကနဦးလက္ခဏာများနှင့်ပတ်သက်၍လည်း ဒေါက်တာအောင်မြတ်ကျော်စိန်ကရှင်းပြပါသည်။
ဒေါက်တာအောင်ခင်မြင့်ကလည်းယင်းတို့မှာညဘက်၌အိပ်၍မရဖြစ်လာခြင်း၊စိတ်မငြိမ်မသက်ဖြစ်လာခြင်း၊တချို့ဆိုလျှင်သူ့ကိုယ်သူသတ်ချင်သည်ဟုထုတ်ပြောလေ့ရှိသည်ဟုဆိုသည်။ သေချင်ကြောင်းထုတ်ပြောလာသည့်သူများသည်အများဆုံးသတ်သေလေ့ရှိသည်ဟု ၎င်းက ပြောသည်။
မိဘများအနေနှင့်ကိုယ့်သားသမီးသည်မိမိကိုယ်မိမိသေကြောင်းကြံနိုင်သည့်အလားအလာရှိနေလျှင်အနီးကပ်စောင့် ရှောက်ကာ ၎င်းတို့ကိုတန်ဖိုးရှိလူသားများအဖြစ်ရှုမြင်နိုင် အောင် ပြောဆိုဆုံးမရမည်ဟုအကြံပြုသည်။
လွန်ခဲ့သည့်နှစ်လကအသက်၁၆နှစ်အရွယ်သမီးတစ် ယောက်ကိုဆုံးရှုံးလိုက်ရသည့်လှည်းကူးမြို့နယ်၊ကြာအင်းအနောက်ရွာမှ ဒေါ်မြင့်နွယ်ကတော့သမီးဖြစ်သူ၏အနာဂတ်နှင့်ပတ်သက်ပြီးလမ်းညွှန်မှုတွေလုပ်မပေးဖြစ်ခဲ့သည့်အပေါ်စိတ်မကောင်းဖြစ်နေသည်။
ဒေါ်မြင့်နွယ်၏သမီးသည်ယခုနှစ်ဇွန်လအတွင်းကအိမ် ပေါ်မှာကြိုးဆွဲချ သေဆုံးသွားခြင်းဖြစ်သည်။သမီးသေဆုံးနေသည့်ပုံကိုမျက်လုံးထဲကမထွက်ဟု ဒေါ်မြင့်နွယ်က ပြောသည်။
ဒေါ်မြင့်နွယ်အဆိုအရသမီးဖြစ်သူသည်အခြားကလေးများနှင့်မတူဘဲထူးထူးဆန်းဆန်း ပြုမူလေ့ရှိသူဟုဆိုသည်။မိဘများ၏စိတ်ထဲတွင်သူတို့သမီး၏စိတ်သည်ပုံမှန်မဟုတ်ဟုခံယူထားသည်။ကိုယ့်ကိုယ်ကိုယ်သတ်မသေမီတစ်လအလိုလောက်မှာမိဘများနှင့်အိပ်နေရာမှအိမ်အောက်သို့ဆင်းပြီးတစ် ယောက်တည်းသွားအိပ်လေ့ရှိသည်ဟု ဒေါ်မြင့်နွယ်က ပြောပြသည်။စိတ်မူမမှန်ဖြစ်နေသည်ကိုစိုးရိမ်သောကြောင့် စောင့်ကြည့်နေသည့်ကြားမှပြီးခဲ့သည့်နှစ်လလောက်ကအိမ်ပေါ်မှာတင်ကြိုးဆွဲချကာ သေကြောင်းကြံသွားခြင်းဖြစ်သည်။
”ကျွန်မသမီးလေးကိုငါးတန်းအထိပဲထားနိုင်ခဲ့တယ်။သမီးလေးကိုသူ့အနာဂတ်နဲ့ပတ်သက်ပြီးဘာလုပ်ရမယ်ဆိုတာကိုလမ်းညွှန်ပေးတာမျိုးမလုပ်ခဲ့မိဘူး”ဟု ပြောလျက် ဒေါ်မြင့်နွယ်ငိုလေသည်။
သူ၏ငိုသံမှာအိမ်နီးနားဝန်းကျင်ကိုလွှမ်းခြုံသွားလေ တော့သည်။ ။
စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
ခင်မောင်မြင့် ရေးသည်။

