ပေါက်-၂၀၂၄ ဖေဖော်ဝါရီ ၉ (မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက အုံးတော(တောင်စု)ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာကိုအကြိမ်ကြိမ်မီးရှို့ဖျက်ဆီးနေတာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Successful Force-Paukက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အုံးတော(တောင်စု)ရွာဟာ ပေါက်-ဆိတ်ဖြူကားလမ်းအနီးကရွာတစ်ခုဖြစ်ပြီး အဲဒီရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့နေ့လယ်ပိုင်းက ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာလို့ သူကဆိုပါတယ်။
“အဲဒီရွာမှာ အထိုင်ချနေတာ နှစ်လလောက်ရှိပြီဗျ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးဗျ။ မီးရှို့ခံရတာ ရှစ်ကြိမ်လောက်ရှိပြီ။ စုစုပေါင်း (မီးလောင်ပျက်စီးသွားတဲ့) အိမ်ခြေ ကိုးဆယ်နီးပါးရှိပြီ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟ လက်ရှိအချိန်အထိလည်း ရွာထဲမှာပဲ တပ်စွဲထားတာကြောင့် ဒေသခံတွေလည်း ရွာမပြန်နိုင်ကြသေးဘူးလို့ သူကဆိုပါတယ်။
“ရွာခံတွေကတော့ အရင်က စစ်ကြောင်းဝင်လိုက် ရှောင်လိုက်၊ သူတို့ပြန်ထွက်သွားရင် ပြန်နေလိုက်နဲ့နေတာ။ အခုက ရွာထဲတပ်စွဲထားတာကြာပြီ။ အကုန်နီးစပ်တဲ့တောတွေထဲရှောင်ကြတယ်။ တချို့လည်း ရွာတွေမှာ ရှောင်နေရတယ်” လို့ ပေါက်ဒေသခံတစ်ဦးကပြောပါတယ်။
အုံးတော(တောင်စု)ရွာဟာ လူဦးရေ ငါးရာကျော်ရှိပြီး အိမ်ခြေ ၁၃၅ လုံးရှိကာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်း အများဆုံးလုပ်ကိုင်ကြတဲ့ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။အဲဒီရွာဟာ မကြာခဏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရတဲ့ရွာဖြစ်တယ်လို့ ပေါက်ဒေသခံတွေက ဆိုကြပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ပြီးခဲ့တဲ့လတုန်းက ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံအနှံ့က နေအိမ်ပေါင်း ရှစ်သောင်းနီးပါး ပျက်စီးသွားတယ်လို့ ဆိုထားပါတယ်။
ပုံစာ-အုံတော(တောင်စု)ရွာကို စစ်ကောင်စီတပ်တွေ မီးရှို့နေပုံ။
ဓာတ်ပုံ-successful force-pauk