ရန်ကုန် – ၂၀၂၄ မတ် ၆ (မော်ကွန်း)
ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှု၊ ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်လာမှုတွေကြောင့် ပြည်တွင်းရွှေဈေးဟာ ဒီနေ့မှာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
ဒီနေ့ညနေပိုင်း ဈေးကွက်အတွင်း ဈေးဖွင့်လှစ်ထားမှုအရ အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ကျော်ကို ရောက်ရှိသွားခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရွှေတစ်ကျပ်သားကို ၃၉ သိန်းကျော်ကို စတင်ရောက်ရှိလာပြီး တစ်ပတ်အတွင်းမှာပဲ ရွှေဈေးဟာ ကျပ်တစ်သိန်းဝန်းကျင် မြင့်တက်ခဲ့တာပါ။
ဒီနေ့မနက်ပိုင်းမှာ ဈေးကွက်ဖွင့်လှစ်မှုအရ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၉ သိန်း ကိုးသောင်းဝန်းကျင်ထိ ရောက်ရှိလာပြီး ညနေပိုင်း အပိတ်ဈေးမှာတော့ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ကျော်ကို ရောက်ရှိသွားတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးက“ကမ္ဘာ့ရွှေဈေး သုံးရက်အတွင်း တစ်အောင်စကို ဒေါ်လာ ၁၀၀ လောက် တက်သွားတယ်။ အဲဒါကြောင့်လည်းပါတယ်။ ဒေါ်လာကလည်း ၃,၆၀၀ ကျော်သွားတော့ ပြည်တွင်းကရွှေဈေးလည်း မထိန်းနိုင်ဘဲတက်လာတဲ့သဘောပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ကျပ်သိန်း ၄၀ ထိ မြင့်တက်သွားတဲ့ ရွှေဈေးနှုန်းကြောင့် ရန်ကုန်မြို့က ရွှေဆိုင်တွေမှာ အရောင်းအဝယ်တွေပါ ရပ်ထားရတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးကတော့ စစ်ကောင်စီက ပြီးခဲ့တဲ့လပိုင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက်မှာ အခုလို ဒေါ်လာနဲ့ ရွှေဈေးကွက်မှာ လှုပ်ခတ်လာတယ်လို့ ပြောပါတယ်။
“ရှေ့လထဲက ဒေါ်လာဈေးက ၃,၅၀၀ လောက်မှာ ငြိမ်နေရာကနေ ဆက်တိုက်ပြန်တက်လာတယ်။ ရွှေဈေးရောပဲ အဲဒီနောက်ပိုင်းမှာ ပြန်တက်လာတာ။ ဒါက တော်တော်လှုပ်ခတ်သွားတယ်။ အများပြည်သူစိုးရိမ်မှု မြင့်တက်လာတော့ ဈေးကွက်ပါလှုပ်လာတာ” လို့ သူက ပြောပါတယ်။
လက်ရှိ ရွှေဈေးနှုန်းမြင့်တက်မှုတွေကြောင့် ရန်ကုန်နဲ့မန္တလေးမြို့တို့မှာ ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေရှိတယ်လို့ Facebook လူမှုကွန်ရက်မှာ သတင်းတွေ ထွက်ပေါ်နေပေမယ့် မော်ကွန်းအနေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်ကလည်း ပြည်တွင်းရွှေဈေးဟာ ကျပ်သိန်း ၂၀ ကျော်ကနေ ၃၀ ကျော်ကို ရောက်ရှိလာတဲ့ ကာလအတွင်း အခုလိုပဲ ရွှေလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပါသေးတယ်။
ပြည်တွင်းရွှေဈေးဟာ အခုလို ပြင်ပဈေးကွက်မှာ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ထိရောက်ရှိလာပြီဖြစ်ပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ဒီနေ့ထုတ်ပြန်ထားတဲ့ ရွှေဈေးကတော့ တစ်ကျပ်သားကို ၃၇ သိန်း ကိုးသောင်းကျော်ဖြစ်ပါတယ်။
ပုံစာ – ရန်ကုန်မြို့က ရွှေဆိုင်တခုရဲ့ ယခုရက်ပိုင်းမြင်ကွင်း
ဓာတ်ပုံ – ရွှေစံအိမ်