ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ ကိုယ့်နည်းလမ်းနဲ့ပဲဖော်ဆောင်မယ်လို့ AA ပြော

ရန်ကုန် – ၂၀၂၄ မတ် ၄ (မော်ကွန်း)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်ရေးဆွဲနေတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံမှာ ပါဝင်ဖို့ထက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံချက်ကို ရက္ခိုင့်တပ်တော် (AA) ရဲ့ နည်းလမ်းနဲ့ပဲ ဖော်ဆောင်သွားမယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာပြုလုပ်တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ရှစ်ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ရေးဆွဲနေတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံမှာ AA အနေနဲ့ ပါဝင်သွားဖို့ ရှိမရှိ မေးမြန်းမှုအပေါ် သူက အခုလိုဖြေကြားခဲ့တာပါ။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရခိုင်ဒေသအတွက် သူများဆီကပေးလာတဲ့အာမခံချက်ထက် ကိုယ့်ဖာသာ အကောင်းဆုံးပြင်ဆင်ထားတဲ့အာမခံချက်ကိုပဲ ပိုသဘောကျပြီး အဲဒီနည်းလမ်းအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော် (AA) ဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ အစီအစဉ် လက်ရှိအချိန်ထိ မရှိသေးဘူးလို့လည်း သူကထည့်သွင်းပြောခဲ့ပါသေးတယ်။

“ကျွန်တော်တို့ကတော့ ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့အဆင့်ကို ရကိုရရဖို့ လုပ်ဆောင်သွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ကျွန်တော်တို့ ဘယ်သူ့ဆီကမှတောင်းနေဖို့မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် အာမခံချက်ရှိအောင် ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်” လို့ ၎င်းကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ဘုံသဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ သဘောတူညီချက်အရ တော်လှန်ရေးအလွန်မှာ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း အဆိုပါဘုံသဘောထားရပ်တည်ချက်အတိုင်းပါဝင်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

NUG နဲ့ AA အကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ရှိ၊မရှိ ဆိုတာကိုတော့ AA က သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောသွားတာ မရှိပါဘူး။

AA အနေနဲ့ ကိုယ်တိုင်ဖန်တီးယူမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ULA/AA က ချမှတ်ထားတဲ့ ရက္ခိတ လမ်းစဉ်အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ရှင်းပြပါတယ်။

“ရက္ခိတ လမ်းစဉ်ဆိုတာက ရခိုင်ဒေသခံတွေရဲ့ အကျိုးစီးပွားကို ဗဟိုပြုပြီး လုပ်ဆောင်သွားမယ့်ဝါဒလို့ ပြောလို့ ရပါတယ်။ အဲဒီအထဲမှာ ရခိုင်တစ်ယောက်ချင်းစီရဲ့လုံခြုံရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်သွားဖို့နဲ့ အဲဒီလူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်ပြီး အားလုံးတန်းတူရည်တူရှိတဲ့ အခြေခံကို ပြောလိုခြင်းဖြစ်တယ်” လို့ သူက ပြောပါတယ်။

AA အနေနဲ့ အခုလို တော်လှန်ရေးအင်အားစုတွေ ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံမှာ မပါဝင်ပေမယ့် သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ တော်လှန်ရေးအင်အားစုတွေရေးဆွဲနေတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက သိပ်ပြီး ကွာဟမှုမရှိနိုင်ဘူးလို့ ရခိုင်နိုင်ငံရေးသမားဖြစ်သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က သုံးသပ်ပါတယ်။

လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) ဟာ ရှမ်းမြောက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ်ကာလ သုံးလကျော် ကာလအတွင်း ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ အစရှိတဲ့ မြို့တွေကို AA က ထိန်းချုပ် သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ရက္ခိုင့်တပ်တော်ရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ ရခိုင်ဒေသကို စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် ဆောင်ရွက်သွားရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားပြီး စစ်ကောင်စီတပ်တွေအားလုံးကို ရခိုင်ပြည်နယ်က ထွက်သွားအောင် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ AA က ပြောထားပါတယ်။

ပုံစာ – ရက္ခိုင့်တပ်တော် (AA) ရဲ့ ဒီနေ့မနက်ပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှု
ဓာတ်ပုံ – Western News

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."