နိုင်ငံရေးသုံးသပ်ချက်တို့ကို နှစ်ပေါင်းများစွာ ရေးသား နေသော သတင်းသမား ရန် လိုကျွဲသည် အထင်ကရ လူရို သေ ရှင်ရိုသေ ပုဂ္ဂိုလ်တစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာသည်။
ဤသို့ ဖြစ်ထွန်းတိုးတက်လာခြင်းသည် အဓိက အတိုက်အခံ ပါတီကြီးဖြစ်နေသည့် ပြည်သူ့ပါတီ၏ကျေးဇူးမကင်းဟု ဆိုရမည်။ ရန်လိုကျွဲတစ်ယောက် ဒုက္ခသီရိ၏ နိုင်ငံရေးပရောဟိတ် မည်သို့ ဖြစ်လာကြောင်း ယခုလ ဖတ်ရှုရမည် ဖြစ်သည်။
ဤနေရာတွင် ဤပါတီအကြောင်း အနည်းငယ် ရှင်းပြမှ သင့်တော်မည်။ ပြည်သူ့ပါတီသည် ယခင် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို ရှုံးသွားသောကြောင့် အတိုက်အခံဘဝ ရောက် နေသည်။ ပြည်သူ့ပါတီဟု ဆိုရခြင်းမှာ ပြည်သူအများ ချစ်ခင် လေးစားသောကြောင့် မဟုတ်ချေ။ ၎င်းတို့ ခေတ်ကောင်းစဉ်က အများပြည်သူပိုင် ပန်းခြံ၊ အဆောက်အအုံ၊ ဘဏ္ဍာငွေတို့ကို စိတ် တိုင်းကျ သုံးစွဲနိုင်သည့်အခြေအနေ ရှိခဲ့သောကြောင့် ထိုအမည် တွင်လာခြင်းပင်တည်း။
ယခုအခါ ဒုက္ခသီရိနေပြည်တော်တွင် ကြားဖြတ်ရွေး ကောက်ပွဲအတွက် ပြင်ဆင်မှုများ ရှိလာရာ ပြည်သူ့ပါတီကလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်၊ ယခု ရွေးကောက်ပွဲတွင် ရှုံးကြွေး ဆပ်မည်ဟု ကြုံးဝါးကာ ခတ်ကွင်းပြင်လျက်ရှိသည်။ ထိုသို့ ပြင် ဆင်နေသော်လည်း ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲ အောင်နိုင်ရေး စိတ်မအေးကြပေ။
အောင်နိုင်ရေးဆိုင်ရာ အကြံကောင်း ဉာဏ်ကောင်း ပေး နိုင်မည့်သူများကို လိုက်လံ ဆက်သွယ်သည်။ နိုင်ငံရေးအကဲခတ် ဆရာဉာဏ်လင်းမှာ ဘိလပ်တွင် ပညာသင်နေသောကြောင့် ဆက်သွယ်မှုဧရိယာအပြင်ဘက် ရောက်နေသည်၊ ဆက်သွယ်၍ မရ။ နိုင်ငံရေးသုတေသီ ဆရာဇေယျာလှိုင်မှာ ဆက်သွယ်၍ရ သော်လည်း အလုပ်များချင်ယောင်ဆောင်နေသည်။ နိုင်ငံရေး သိပ္ပံပညာရှင် ဆရာကျော်ဇေယျာထွန်းဆိုသူကိုတော့ ဆက်သွယ် ၍ ရသည်။ သို့သော်လည်း သူ့ဇနီးသည်၏ ဟန့်တားချက်ကြောင့် အချိန်မပေးနိုင်သေးဟု အကြောင်းပြန်လိုက်သည်။ လိုရင်း ပြော ရလျှင် ထိပ်တန်းအဆင့်ရှိသည့် မည်သည့်ဉာဏ်ကြီးရှင်ကမှ ပြည်သူ့ပါတီ၏ ကမ်းလှမ်းချက်ကို လက်ခံနိုင်ခြင်း မရှိချေ။
ထိုသို့သော အခြေအနေတွင် သူတို့က ဒုတိယတန်းစား ဉာဏ်ကြီးရှင်များထဲမှ အလုပ်ဖြစ်နိုင်မည့်သူတို့ကို စဉ်းစားရာမှ ရန်လိုကျွဲကို သတိရလာကြလေသည်။ ရန်လိုကျွဲသည် ဒုက္ခသီရိ တွင် စီးပွားရေးဆိုင်ရာ အကြံကောင်း ဉာဏ်ကောင်းများ ပေး တတ်သည်မဟုတ်လော၊ စီးပွားရေးနှင့် နိုင်ငံရေးသည် သမီးရည်း စားများကဲ့သို့ နီးစပ်လွန်းသည်၊ ထို့ကြောင့် စီးပွားရေးပရောဟိတ် ရန်လိုကျွဲထံတွင် နိုင်ငံရေးဆိုင်ရာ အိုင်ဒီယာ အလန်းစားများ သေချာပေါက်ရှိရမည်ဟု ဆဝါးမိကြသည်။ နောက်ဆုံးတွင် ပြည် သူ့ပါတီ ခေါင်းဆောင်များ ရန်လိုကျွဲထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြလေ၏။
အဘိုးကြီးပါတီ
”ကြားဖြတ်ရွေးကောက်ပွဲကလည်း သိပ်မကြာခင်မှာ လာ တော့မယ်။ ငါတို့ အနိုင်ရအောင် ဘာတွေ လုပ်သင့်သလဲ အကြံ ပေးပါဦး မောင်ကျွဲရေ”ဟု ပါတီခေါင်းဆောင်တစ်ယောက်က ပွင့်ပွင့်လင်းလင်းပြောသည်။
”အဘတို့ ဘာတွေ လုပ်ဖို့ ပြင်ထားသလဲ”ဟူသော မေး ခွန်းကို ရေရေရာရာ မဖြေနိုင်။ နာမည်ကြီး ထမင်းငတ် နောင် တော်ပါတီကြီးတစ်ခုက ခေါင်းဆောင်ပိုင်းတွင် လူငယ်နှင့် အမျိုး သမီး ၃ဝ ရာခိုင်နှုန်းထည့်မည်ဟု အော်ချက်ထုတ်ထားသော် လည်း မိမိတို့အနေဖြင့် ထိုသို့ မစွန့်စားလို၊ ပါတီအောင်မြင်ရေး အတွက် အလုပ်ဖြစ်မည့် နည်းလမ်းမဟုတ်ဟူသော သူတို့၏ အယူအဆကိုတော့ ပွင့်ပွင့်လင်းလင်း ပြောပြသည်။
”အဘိုးကြီးတွေဦးဆောင်တဲ့ပါတီဆိုရင် အဘိုးကြီးတွေရဲ့ မဲတွေပဲ ရမှာပေါ့”ဟူသော မှတ်ချက်ကိုတော့ စိတ်ထဲမှာပဲ ထား လိုက်သည်။ ဤမှတ်ချက်မျိုးက ခွဲခြားဆက်ဆံသည့်သဘော သက်ရောက်သည် မဟုတ်လော။ အားငယ်သူကို အားပေးပါဟူ သော မူဝါဒအရ သူတို့ အားရှိစေမည့်အကြံများကိုသာ ပေးရန် ဆုံးဖြတ်လိုက်မိသည်။
အကြံကောင်းများ
ပထမဆုံး ပေးလိုက်သောအကြံမှာ ”အခုခေတ်က ကြော် ငြာခေတ်ဗျ။ ပါတီတံဆိပ်ကို အပြောင်းအလဲ နည်းနည်းလုပ် လိုက်။ ဒါဆို သတင်းထဲ ပါမယ်၊ ပါတီကို လူပိုသိလာမယ်”ဟူ၍ ဖြစ်သည်။
”ဟင်…ပြောင်းလို့ ဘယ်ဖြစ်မလဲ။ ပရိသတ် မျက်စိလည် သွားပြီး ငါတို့ကို မမှတ်မိဘူးဆိုရင် ခက်ကုန်တော့မှာပေါ့”ဟု ပါတီခေါင်းဆောင်က အကြောက်အကန် ငြင်းဆန်သည်။
ဤသို့သော အပြောင်းအလဲမှာ အတုအယောင်သာ ဖြစ် သောကြောင့် စိုးရိမ်ရန် မလိုကြောင်း ပြောပြရသည်။
”ပါတီတံဆိပ်ကို အရောင်လေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် တစ်ခု ခု ပြောင်းလိုက်ဗျာ။ အဲဒါဆိုရင် ရွေးကောက်ပွဲကော်မရှင်က အများသိအောင် ကြေညာပေးလိမ့်မယ်။ ဒီနည်းနဲ့ ကိုယ့်ကို မဲဆန္ဒ ရှင်တွေက ပိုပြီး သတိထားလိမ့်မယ်”
ပါတီခေါင်းဆောင်လည်း ခေါင်းတညိတ်ညိတ် စဉ်းစား သည်။ ထို့နောက် မှတ်စုစာအုပ် ထုတ်ကာ ”တံဆိပ် နည်းနည်း ပြောင်းရန်”ဟု ရေးလိုက်ပြီး မေးခွန်းတစ်ခု ထုတ်လေသည်။
”မဲဆွယ်ခွင့်ပြုတဲ့အချိန်မှာ စေတနာ ဆေးခန်းတွေ ဖွင့် မယ်ဆိုရင် ဘယ်လို သက်ရောက်မှုတွေ ရှိမလဲ”
သူ့အစီအစဉ်ကို ချက်ချင်း ပယ်ချလိုက်ရသည်။ ”မဲဆွယ် တဲ့ကာလရောက်မှ ဆေးခန်းတွေ ဖွင့်တဲ့နည်းက ရိုးသွားပြီ။ ရွေး ကောက်ပွဲပြီးရင် ထွက်ပြေးမယ့်ဆေးခန်းမှန်း မဲပေးမယ့်သူတွေ က သိနေပြီ။ ဒီနည်းက ဘတ်ဂျက်ကုန်တာပဲ အဖတ်တင်လိမ့် မယ် ”ဟု အကြံပေးလိုက်ရာ ပါတီခေါင်းဆောင်က ‘ဆေးခန်း အလုပ်မဖြစ်’ ဟု မှတ်စုစာအုပ်တွင် ရေးလိုက်ပြန်သည်။
ပြိုင်ဘက်အခက်၊ ငါတို့အချက်
ပြိုင်ဘက်ပါတီ၏ အခက်အခဲမှာ ကိုယ့်ပါတီအတွက် အား သာစေသော အချက်များ ဖြစ်သည်ဟူသော လှေကြီးထိုးရိုးရိုးပုံသေနည်းကိုလည်း မမေ့သင့်ဟူသော အပြောကိုလည်း ပါတီ ခေါင်းဆောင်က သဘောကျ၏။
”ပေါ်ပြူလာပါတီက အစိုးရ ဖြစ်လာတော့ ပိတ်ပင်ချင်တဲ့ ထဲမှာ ကွမ်းယာဆိုင်တွေလည်း ထိပ်ဆုံးက ပါတယ်။ အဲဒါ သူတို့ရဲ့ အမှားပဲ။ ဒုက္ခသီရိမှာ ကွမ်းစားသူရဲ့အင်အားက မသေးဘူး။ လူ များစုရဲ့လိုအင်ဆန္ဒကို ပိတ်ပင်တာလောက် မိုက်မဲတာ ဘာရှိ မလဲဗျာ”
ပြည်သူ့ပါတီ ရွေးကောက်ပွဲနိုင်ပါက ကွမ်းယာဆိုင် အရေ အတွက်၊ ကွမ်းယာစားသုံးသူ အရေအတွက် ငါးဆ တိုးပွားစေရန် ဆောင်ရွက်မည်ဟု ကတိပေးပြီး မဲဆွယ်သင့်ကြောင်း၊ ပြိုင်ဘက် ပါတီကရမည့်မဲများ ကိုယ့်ဘက်ပါလာမှာ သေချာကြောင်း ပြော လိုက်ရာ ပါတီလူကြီးက သူ၏ စာအုပ်တွင် ‘ကွမ်းယာဆိုင် ငါးဆ’ဟု ရေးလိုက်ပြန်သည်။
ထို့နောက် ပါတီလူကြီးက လမ်းဘေးဈေးသည်များနှင့် ပတ်သက်ပြီး အကြံတောင်း၏။
”လမ်းဘေးဈေးသည်တွေရဲ့ မဲကို ရဖို့ ဘာလုပ်သင့်သလဲ”
ဤမေးခွန်းအတွက်အဖြေမှာ ရန်လိုကျွဲတွင် အသင့် ရှိနေသည်။
လမ်းပိတ်ဆို့ပြီး ရောင်းချ တတ်သော လမ်းဘေးဈေးသည်တို့ သည် လမ်းလျှောက်သူများ၊ ကား မောင်းသူများနှင့် ပဋိ ပက္ခ ဖြစ်လာဖွယ် ရှိကြောင်း၊ ထို ပြဿနာကို ရှင်းရ မည့် အလုပ်သည် အစိုးရတာဝန်ယူ ချင်သူတို့၏ အလုပ် ဖြစ်ကြောင်း၊ အတိုက် အခံပါတီအနေဖြင့် ထိုပဋိပက္ခ အရင်းပြုပြီး ကိုယ်အမြတ်ရရှိရေး ဦးစားပေးရမည်ဖြစ်ကြောင်း ရှင်းပြရသည်။
ပါတီခေါင်းဆောင်က နားလည်ဟန် မရှိသဖြင့် အသေး စိတ် ရှင်းပြရပြန်သည်။
”လမ်းဘေးဈေးသည်ဆိုတာ လူနည်းစုဗျာ။ လမ်းလျှောက် သူ ကားမောင်းသူဆိုတာက လူများစု ခင်ဗျ။ ကိုယ့်အလုပ်က မဲ များများရရေး တို့အရေးဆိုတာ မမေ့ရဘူး။ ဒါကြောင့်မို့ လုပ်သင့် တာကတော့ လူများစုဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည် လိုက်ဖို့ပဲ။ ဒါဟာ မဲများများရစေနိုင်တဲ့ သေချာတဲ့ နည်းလမ်းပဲ”
ပါတီလူကြီးမင်းလည်း မှတ်စုစာအုပ်တွင် ‘လမ်းဘေးဈေး သည်=ရန်သူ’ ဟု ရေးလိုက်ပြန်၏။
အောင်မြင်ရေး နည်းလမ်းများ
လမ်းဘေးဈေးသည်အရေးသည် သေးငယ်သည်ဟု ယူဆ နိုင်ကြောင်း၊ ပါတီနှင့် ပါတီခေါင်းဆောင်များ အချိန်အနည်းငယ် အတွင်း အကြီးအကျယ်၊ ဝက်ဝက်ကွဲ အောင်မြင်နိုင်သည့် နည်း လမ်းများ ရှိလျှင် ကောင်းမည်ဟု ထိုလူကြီးက ဆိုလာ၏။
မည်သူမျှမသိနိုင်သည့် လျှို့ဝှက်ချက်ဟူသည်မှာ ယခု ခေတ်တွင် မရှိတော့ကြောင်း၊ နာမည်ကြီးဖို့အောင် မြင်ဖို့အရေးအတွက် ဖြတ်လမ်းများစွာရှိကြောင်း ပြောလိုက်ရာ ပါတီလူကြီး ဝမ်းသာ ကျေနပ်သွားသည်မှာ ဟန်ပင် မဆောင်နိုင်။
”လုပ်စမ်းပါကွာ။ အဲဒီနည်းလမ်းလေး သိရအောင်။ မင်း ကို အားကိုးပါတယ်”
”အဘရေ…ပြည်ပမှာရော ပြည်တွင်းမှာပါ တစ်ဟုန်ထိုး နာမည်ကြီးလာသူတွေကို ကြည့်လိုက်စမ်းပါ။ ဘယ်ပါတီတွေ ဘာ ကြောင့် အောင်မြင်နေသလဲ”
ဤမေးခွန်းကို သူက သွက်သွက်လက်လက် ဖြေနိုင်၏။
ထင်ရှားအောင်မြင်နေသူများမှာ ပြည်ပတွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေး၊ အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့်၊ ပြည်တွင်းတွင် ပေါ်ပြူလာပါတီ ထိပ်တန်းခေါင်းဆောင် ဦးထိန် ဝင်းဟု သူက ဆို၏။
ပါတီလူကြီးမှာ ပြည်တွင်းပြည်ပနိုင်ငံရေးကို မျက်ခြည် မပြတ်လေ့လာသူမှန်း သိသာသည်။ ရုတ်တရက် နာမည်ကြီးလာ သူတို့အကြောင်း ကောင်းစွာ သိထားဟန်ရှိသည်။ ဖိလစ်ပိုင် သမ္မတသည် ဤအတောအတွင်း အမေရိကန်ကို ဝေဖန်၊ ကဲ့ရဲ့၊ ပြစ်တင်၊ မထိတထိပြောခြင်းအလုပ်ကို နေ့စဉ်လိုလို လုပ်ကိုင်နေ သူဖြစ်သည်။ ကမ္ဘာ့သတင်းစာမျက်နှာကို အပိုင်စားရထားသူဟု ဆိုရမည်။
သူ့လို အပိုင်စားရသူ နောက်တစ်ဦးမှာ သမ္မတလောင်း ဒေါ်နယ်ထရန့်ကြီး ဖြစ်၏။ ကံမကောင်းစွာ သို့မဟုတ် ကံကောင်း စွာဖြင့် သူသမ္မတ ဖြစ်လာပါက သူတို့နှစ်ဦး နေ့စဉ် စကားစစ်ထိုး ကြမည်၊ နှစ်နိုင်ငံ စစ်ဖြစ်ကြမည်မှာ သေချာသဖြင့် နိုင်ငံတကာ သတင်းစာများ အချပ်ပို ထုတ်ရဖွယ် ရှိသည်။
ထိုနှစ်ဦးက ရုတ်တရက်ကြီး ကမ္ဘာကျော်လာသူများတည်း။
ကမ္ဘာမကျော်သေးသော်လည်း ပြည်တွင်းတွင် ကောက်ရိုး မီးပမာ ဟုန်းခနဲ ထတောက်လာသူမှာ ပေါ်ပြူလာပါတီ ထိပ်တန်း ခေါင်းဆောင် ဦးထိန်ဝင်း ဖြစ်ချေသည်။ ဒူတာတေးနီးပါး အပြော ကြမ်းသည်၊ ဒေါ်နယ်ထရန့်ကြီးနီးပါး အပြောရမ်းသူတည်း။ သတင်းထောက်ကို တွေ့ပါက သောက်ရူး၊ သောက်ရူးဟု ပြော တတ်သူတည်း။ အပြောကြမ်းသော်လည်း သူက ထိပ်တန်း ခေါင်းဆောင်တာဝန်ယူထားသူမို့ နာမည်ကြီးပြီးကြီး ဖြစ်နေ၏။
”ပါတီ အကြီးအကဲ တာဝန်ယူထားသူဟာ အဲဒီလို အပြော အဆို ကြမ်းတမ်းရင် နာမည်ကြီးတာပဲ။ ဒါဟာ ဖြတ်လမ်းပဲ။ အောင်မြင် ထင်ရှားရေးအတွက် မဟာဗျူဟာတွေ ခင်းရတဲ့ခေတ် ကုန်သွားပြီခင်ဗျ”
ပါတီလူကြီးမှာ ဤနေရာတွင်တော့ ချက်ဆို နားခွက်က မီးတောက်သူတည်း။ ရန်လိုကျွဲ စကားမဆုံးသေးမီမှာပင် ထိုသုံး ဦးအမည်ကို ချရေးပြီး ကော်ပီကူးရန်ဟု မှတ်ချက်ရေးလိုက်လေသည်။
”မင်းနဲ့ စကားပြောရတာ အကျိုးများလှတယ်ကွာ။ ငါတို့ ပါတီ အောင်မြင်ရေးအတွက် အကြံကောင်းတွေ ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ကဲ…နောက်ဆုံးအနေနဲ့ ဘာများ အကြံပေးစရာ ရှိ သေးလဲ”
ပါတီလူကြီးက မေးလည်းမေး၊ ပြန်ရန်လည်း ဟန်ပြင်၏။
”အဘတို့ ပါတီက ဘာသာရေးကိုင်းရှိုင်းတယ်တို့၊ အမျိုး ချစ်တယ်တို့ ဆိုတဲ့သဘော အများမြင်လာအောင် လုပ်သင့် တယ်။ ဒါဟာလည်း ဘာသာရေးကိုင်းရှိုင်းသူတွေ၊ အမျိုးချစ်သူ တွေရဲ့ ထောက်ခံမှုကို ရနိုင်တဲ့ နည်းလမ်းဟောင်းတစ်ခုပေါ့ဗျာ”
မှတ်စုစာအုပ်တွင် ပါတီလူကြီး နောက်ဆုံး ရေးလိုက်သည် မှာ ‘ယခင်နည်းလမ်း ဆက်သုံး’ဟူသတည်း။ ပါတီလူကြီးလည်း ရန်လိုကျွဲကို ကျေးဇူးစကား အကြိမ်ကြိမ် ပြောဆိုပြီး ပြန်သွား လေသည်။
ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင် ဟူသော စကား မှန်ကန်လှသည်။ ရန်လိုကျွဲသည် လွန်စွာ နံှ့စပ် သိမြင်သူဖြစ်ပြီး အကြံကောင်းများစွာ ပေးတတ်ကြောင်း ပါတီ ခေါင်းဆောင်ပိုင်းက ပြန်လည်ပြောကြားရာမှ ရန်လိုကျွဲသည် နိုင်ငံရေးအဝန်းအဝိုင်းတွင် နာမည်ကြီးလာသည်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး အကြံပေးရန် ကမ်းလှမ်းသူများလည်း ရှိလာသည်။ နိုင်ငံရေးလေ့လာလိုက်စားသူ၊ နိုင်ငံရေးအကဲခတ်၊ နိုင်ငံရေးဆိုင် ရာဉာဏ်ကြီးရှင်ဟု အများအပြားက သတ်မှတ်ကြသည်အထိ အောင်မြင်လာလေသတည်း။ ။
၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀) မှ သရော်စာ ဖြစ်ပါသည်။
ရန်လိုကျွှဲ ရေးသည်။

