ရန်ကုန် -၂၀၂၄ မတ် ၁၉ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်းမြို့တွေမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတွေကို မဲနှိုက်ရွေးချယ်မှုတွေ ယခုရက်ပိုင်းအတွင်း စတင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်တောင်ပိုင်းအစွန်အဖျားက ဂွမြို့နယ်မှာ အသက် ၂၄ နှစ်နဲ့ ၃၀ ကြား လူငယ်တွေကို မဲနှိုက်ရွေးချယ်မှုတွေ မနေ့ကစပြီး ပြုလုပ်ခဲ့တယ်လို့ ဂွမြို့ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်သုံးခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၁ ခုရှိတဲ့ ဂွမြို့နယ်တစ်ခုလုံးကို လူငယ် ၇၀ ခန့် စစ်မှုထမ်းဖို့ ရွေးချယ်သွားဖို့ရှိနေတယ်လို့ ဂွမြို့နယ်၊ မကျေးငူ ကျေးရွာအုပ်စုက ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“အခုကတော့ လောလောဆယ်တော့ မခေါ်သေးဘူးပေါ့၊ နာမည်စာရင်းတော့ ပါသွားပြီပေါ့၊ အခုရွေးထားတဲ့အထဲက အုပ်စုတစ်စုကို (ကျေးရွာအုပ်စု) နှစ်ယောက်နှုန်းနဲ့ ခေါ်မယ်လို့ ပြောတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ဂွမြို့နယ်အလားတူ၊ ရခိုင်တောင်ပိုင်းက အမ်း၊ တောင်ကုတ်၊ သံတွဲ အစရှိတဲ့မြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ စည်းရုံးဟောပြောမှုတွေကိုလည်း စစ်ကောင်စီက အခုရက်ပိုင်းမှာ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
သံတွဲမြို့က ဒေသခံတစ်ဦးကတော့ ယခုရက်ပိုင်းမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့ စာရင်းတွေကို စတင်ကောက်ယူနေပြီး လာမယ့်ရက်ပိုင်းအတွင်းမဲဖောက်ရွေးချယ်ဖို့လည်း ရှိနေတယ်လို့ ပြောပါတယ်။
“အခုက စာရင်းကောက်နေတုန်းပဲ၊ ဟောပြောတာတွေလည်း တချို့ကျေးရွာတွေ ရပ်ကွက်တွေမှာ လုပ်နေတယ်။ မဝင်ချင်တဲ့သူတွေ ငွေကြေးတတ်နိုင်တဲ့ သူတွေကလည်း လူငှားထည့်မယ်တို့၊ တချို့လည်း ပြေးရင်ပြေးမှာပေါ့” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ယခုလဆန်းပိုင်းမှာ စစ်ကောင်စီက ဖွဲ့စည်းခဲ့ပြီး စစ်မှုထမ်းဆောင်ရမယ့် အရွယ်ရောက်သူ နိုင်ငံသားတိုင်းကို ဆင့်ခေါ်ခြင်း၊ မှတ်ပုံတင်ထားခြင်းကို ဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ယခုလဆန်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေ AA ရဲ့ လက်ထဲ ဆုံးရှုံးထားတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက
ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့လပိုင်းကစပြီး ပြည်သူ့စစ်တွေကိုလည်း ကျေးရွာအလိုက် ဖွဲ့စည်းခဲ့ပါသေးတယ်။
ဂွမြို့နယ်မှာ ပြည်သူ့စစ်တွေကို ကျေးရွာတစ်ခုကို ငါးဦးထပ်မနည်း မဝင်မနေရ ဝင်ရောက်ရတယ်လို့ ဂွမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူ့စစ်ကတော့ ဂွမြို့နယ်မှာပဲ အခုကို သင်တန်းပေးနေပြီ။ ဆိုင်ကယ်ဆီထည့်ပေးတယ်။ တစ်ရက်ငါးထောင်ပေးတယ်ပြောတယ်။ သူတို့ကို လက်နက်တော့မပေးထားဘူး။ ကိုယ့်ရပ်ကိုယ့်ရွာပဲ ပြန်နေပေါ့။ ရွာကို ထိန်းထားတဲ့ သဘောပဲ ဖွဲ့နေတာပဲ။ ကျေးရွာတစ်ခုကို လေး၊ ငါးယောက်နှုန်းလောက်နဲ့ ခေါ်နေတာပဲ။ ပြည်သူ့စစ်ထဲဝင်ထားရင် စစ်မှုထမ်းမပါဘူးဆိုပြီးတော့လည်း ပြည်သူ့စစ်ထဲ ဝင်တဲ့သူတွေလည်း ရှိကြတယ်” လို့ အဲဒီ ဒေသခံကပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ ထိုးစစ်ကာလ လေးလကျော်ကာလအတွင်း ပလက်ဝဒေသအပါအဝင် ရခိုင်မြောက်ပိုင်းက မြို့နယ်ခုနစ်ခုနဲ့ တောင်ပိုင်းက ရမ်းဗြဲမြို့တို့ကို သိမ်းယူထားပြီးဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်မြောက်ပိုင်းဒေသမှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော မြို့တွေကလွဲပြီး ကျန်တဲ့မြို့အားလုံးကို သိမ်းပိုက်ထားနိုင်ကာ တောင်ပိုင်းဒေသတွေကိုလည်း စစ်ရေးဖော်ဆောင်ဖို့ ဦးတည်လာပြီဖြစ်ပါတယ်။
ပုံစာ – တောင်ကုတ်မြို့နယ်မှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ဟောပြောပွဲ ပြုလုပ်နေစဉ်
ဓာတ်ပုံ – MoI