ငွေကြေးအဆမတန်တောင်းသည့် ပတ်စ်ပို့ကြားပွဲစားများကို အရေးယူမည်ဟုဆို

ငွေကြေးအဆမတန်တောင်းသည့် ပတ်စ်ပို့ကြားပွဲစားများကို အရေးယူမည်ဟုဆို

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)

ပတ်စ်ပို့အမြန်လုပ်ပေးမယ်ဆိုကာ ငွေကြေးအဆမတန်တောင်းသူတွေ များလာတာကြောင့် ကြားပွဲစားတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သူတို့ရဲ့ Website မှာ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ပတ်စ်ပို့ကို ရက်ပိုင်းအတွင်းအမြန်လုပ်ပေးမယ်ဆိုကာ ပွဲစားခ ကျပ် သိန်း ၂၀ ကျော် ထိ တောင်းခံနေတဲ့ ပွဲစားတွေများလာတာကြောင့် အခုလို အရေးယူဖို့စီစဉ်လာတာလို့ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“အနီးကပ်လုပ်တဲ့ပွဲစားတွေဗျာ၊ ပတ်စ်ပို့ရုံးနားမှာ အတွင်းထဲထိဝင်ပြီးတော့ အဲဒီလို အမြန်လုပ်ပေးမယ်ဆိုတဲ့ ပွဲစားတွေကို အရေးယူသွားမယ်လို့ ပြောတာ” လို့ ၎င်း ဝန်ထမ်းက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီကထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှာနေထိုင်တဲ့ နိုင်ငံသားတွေ စိုးရိမ်မှုမြင့်တက်လာကာ ပြည်ပထွက်ဖို့ ပြင်ဆင်သူတွေများလာပြီး ပတ်စ်ပို့ပြုလုပ်သူတွေလည်း ရက်ပိုင်းအတွင်း များလာပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်ဖို့စီစဉ်နေတဲ့ လူငယ်တစ်ဦးကတော့ Passport ရုံးမှာ လျှောက်ထားသူ အရမ်းများနေတာကြောင့် အွန်လိုင်းရက်ချိန်းရဖို့တောင် အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးရဲ့ Website မှာတော့ လာမယ့် ဩဂုတ်လ ပထမအပတ်ထိ ရက်ချိန်းပြည့်နေပြီလို့ဖော်ပြထားပါတယ်။

“အခုက ကိုယ့်ဘာသာ QR တင်မယ်ဆိုရင်တော့ ရှစ်လပိုင်းလောက်ထိ ပြည့်နေပြီပြောတယ်။ ပွဲစားတွေကတော့ အများကြီးပဲ။ မစောင့်နိုင်တော့တဲ့သူတွေတော့ ပွဲစားနဲ့ပဲ ချိတ်လုပ်ကြတာပဲ” လို့ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကူးလက်မှတ်ကို ပွဲစားနဲ့လုပ်မယ်ဆိုပါက ပုံမှန်ကြေး ကျပ်နှစ်သိန်းခွဲရှိပြီး လေးလ၊ ငါးလခန့် ကြာမည်ဖြစ်ကာ၊ နှစ်ပတ်အတွင်း အမြန်လိုချင်တယ်ဆိုပါက ပွဲစားခအပါအဝင် ကျပ် သိန်း ၂၀ နဲ့အထက်ထိ ပေါက်ဈေးဖြစ်နေတယ်လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်နေသူတွေက ပြောပါတယ်။

“ အရေးယူမယ်သာပြောတာ၊ သူတို့ထဲကလူတွေပဲ ပွဲစားတွေနဲ့ချိတ်ပြီး လုပ်ပေးနေတာပဲ။ ဒီကာလကတော့ ပွဲစားမအပ်ရင်တော့ အဆင်မပြေဘူး” လို့ ပြည်ပကိုထွက်ခွာမယ့် သင်္ဘောသားတစ်ဦးက မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးကတော့ ပြည်ပကို အမှန်တကယ်သွားရောက်လိုသူတွေကို ယခင်သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်တွေအတိုင်း ဆက်လက်ထုတ်ပေးမှာဖြစ်ကာ ကောလာဟလ သတင်းတွေထုတ်ပြန်ပြီး ငွေကြေးအဆမတန်တောင်းခံသူတွေ၊ ကြားခံပွဲစားတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ရေးထုတ်ပေးရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ နိုင်ငံကူးလက်မှတ်တွေကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)မှာ Online Booking စနစ်နဲ့ နေ့စဉ်ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ပတ်စ်ပို့ရုံးဟာ ၂၀၂၂ ဒီဇင်ဘာလကစကာ နိုင်ငံကူးလက်မှတ်တန်းစီပြီး ဆောင်ရွက်ရတဲ့စနစ်ကို ဖျက်သိမ်းခဲ့ကာ အွန်လိုင်းကနေတစ်ဆင့်လျှောက်ထားတဲ့စနစ်ကို ပြောင်းလဲခဲ့တာပါ။

လက်ရှိမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) မှာ Onlone Booking စနစ်နဲ့ နေ့စဉ် လူ ၂,၇၀၀ ဦးကို ပုံမှန်လက်ခံဆောင်ရွက်ပေးနေသလို နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့တွေက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွေမှာလည်း သတ်မှတ်ဦးရေအတိုင်း နေ့စဉ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

မနေ့ကတော့ မန္တလေးမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးမှာ နိုင်ငံကူးလက်မှတ်အတွက် လူသောင်းချီ တန်းစီတိုးဝှေ့ရာက လူအုပ်ပြိုကျကာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

ပုံစာ – နိုင်ငံကူးလက်မှတ်ရုံးအရှေ့က ပွဲစားမဝင်ရ ဆိုင်းဘုတ်ကို မြင်တွေ့ရစဉ်

ဓာတ်ပုံ – မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."