ရန်ကုန်- ၂၀၂၄ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
စစ်အာဏာသိမ်းမှု သုံးနှစ်မြောက်နေ့ဖြစ်တဲ့ အသံတိတ်သပိတ်နေ့မှာ ရန်ကုန်မြို့လယ်မှာ လူသွားလူလာ ပုံမှန်ထက် ပိုကျဲသွားပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ဈေးတွေ ဆိုင်ခန်းတွေ ပုံမှန်အတိုင်းဖွင့်လှစ်ထားပေမယ့် မြို့လယ်ခေါင်မှာ လူအသွားအလာ ကျဲသွားတယ်လို့ ရန်ကုန်မြို့တော်ခန်းမအနီးက ဈေးသည်တစ်ဦးက ပြောပါတယ်။
“သွားတဲ့လူတွေတော့ သွားလာနေကြတာပါ။ အရင်ပုံမှန်ထက်တော့ နည်းနည်းပါးသွားတယ်။ အပြင်မထွက်ကြဘူးထင်တယ်” လို့ ၎င်းဈေးသည်က ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေက ဒီနေ့မှာ အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှု ပြုလုပ်ဖို့ နှိုးဆော်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ရန်ကုန်မြို့လယ်က အစိုးရရုံးတွေနဲ့ လမ်းဆုံတွေ၊ ခုံးကျော်တံတားတွေအနီးမှာ အများအပြား လုံခြုံရေးယူထားတာ တွေ့မြင်ရပါတယ်။
ပြည်သူတွေအနေနဲ့ ရုံးနဲ့ဆိုင်ခန်းတွေ မပိတ်ဘဲ အဖြူရောင်လှုပ်ရှားမှုနဲ့အသံတိတ်သပိတ် (White Campaign) အဖြစ် အင်္ကျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်လှုပ်ရှားကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ထားတာပါ။
အာဏာသိမ်းတာ သုံးနှစ်ပြည့်ပြီးနောက် စစ်ကောင်စီဟာ အရေးပေါ်ကာလကြေညာထားမှုကို နောက်ထပ် ခြောက်လသက်တမ်းတိုးမြှင့်ထားပါတယ်။
ပုံစာ – ရန်ကုန်မြို့လယ် ဆူးလေ၊ ပန်းဆိုးတန်း၊ သံဈေး၊ တရုတ်တန်းနဲ့ ပြည်လမ်း တော်ဝင်စင်တာရှေ့ဒီနေ့ မနက်၁၀ နာရီ မြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း

