ဆားလင်းကြီးမှာ စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်စစ်ကြောင်းထိုးလို့ ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရ

ဆားလင်းကြီးမှာ စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်စစ်ကြောင်းထိုးလို့ ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရ

ဆားလင်းကြီး – ၂၀၂၄ ဇန်နဝါရီ ၁၇ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တစ်ဖက်ကမ်းက ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေလို့ ထောင်ချီတဲ့ဒေသခံတွေထွက်ပြေးနေရသလို ဒီနေ့နေ့လယ်ပိုင်းမှာ ဆားထုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့က မနက်ပိုင်းကစပြီး ဆားလင်းကြီးမြို့နယ်ထဲမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

“ဆားထုံး၊ လက်ပံကျွန်း၊ တောကျောင်း ပြေးနေရပြီ။ တိုက်ပွဲမရှိဘူး၊ ဒီတိုင်းစစ်ကြောင်းထိုးတာ။ ဆားထုံးကို ခုနကလေးတင်မီးစရှို့တာ။ ပြည်သူအိမ်ခုနစ်လုံး မီးဘေးသင့်သွားတယ်။ ပြေးရတာတော့ မနေ့ကရွာတွေနဲ့ အဲဒီနားတစ်ဝိုက်ကရွာတွေအကုန်ပြေးနေရတယ်” လို့ ဆားလင်းကြီးဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီးမြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးရင်း ဒေသခံတွေရဲ့ နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“စစ်ကြောင်းထိုးရင်း ထွက်ပြေးရတဲ့ ဒေသခံတချို့ဖမ်းခံရတယ်ကြားပေမယ့် အတည်ပြုလို့မရသေးဘူး။ အင်အားက တစ်ရာဝန်းကျင်လောက်ရှိတယ်။ မနေ့ကသူတို့စစ်ကြောင်းဝင်ခဲ့တဲ့ရွာတွေထဲက ပစ္စည်းတွေလည်း မွှေနောက်ဖျက်ဆီးသွားတာ၊ ယူသွားတာတွေရှိတယ်” လို့ ဆားလင်းကြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဆားလင်းကြီးမြို့နယ်ထဲက ဆားထုံး၊ လက်ပံကျွန်း၊ တောကျောင်း(တောင်၊ မြောက်) ရေခါး(တောင်၊မြောက်)၊ မန်ကျည်းတန်း စတဲ့ရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေပြောကြပါတယ်။

မနေ့ကလည်း စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံလေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို ဒီနေ့မနက်ပိုင်းမှာလည်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်လို့ စစ်ကိုင်းဒေသခံတွေကပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ၁၂ ရက်က ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်းပြီးချိန်ကနေ မနှစ်က ဒီဇင်ဘာလအတွင်း နိုင်ငံအနှံ့က နေအိမ်ပေါင်း ခုနစ်သောင်းကျော် ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။

ပုံစာ-စစ်ကောင်စီတပ်တွေ ဒီနေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့ ဆားထုံးရွာ

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."