ကျောက်ဆည် – ၂၀၂၄ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ မနေ့က စစ်တပ်ထောက်ခံသူတွေပြုလုပ်တဲ့ စစ်မှုထမ်းဥပဒေ ထောက်ခံကြိုဆိုပွဲကနေပြန်လာတဲ့ ရွာပုလဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးကော်မတီဝင်တစ်ဦးတို့ သေနတ်နဲ့ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောက်ဆည်ဒေသခံတွေက ပြောပါတယ်။
“မနေ့ကမြို့ပေါ်ထောက်ခံပွဲသွားကြတာ၊ သူတို့ပြန်လာတဲ့လမ်းကျမှ ဆိုင်ကယ်စီးလာတဲ့လူတွေကပစ်သွားတာ။ ကြံ့ခိုင်ရေးပါတီဝင်ကသေသွားတယ်။ အုပ်ချုပ်ရေးမှူးက ထွက်ပြေးလို့လွတ်သွားတာ” လို့ ရွာပုလဲကျေးရွာအနီးက အုတ်ဖိုရွာသားတစ်ဦးကပြောပါတယ်။
သေနတ်နဲ့ပစ်ခံရတာကြောင့် သေဆုံးခဲ့တဲ့ကြံ့ခိုင်ရေးပါတီဝင်ဟာ ဦးဝင်းကိုဆိုသူဖြစ်ပြီး နောက်စေ့၊ တင်ပါးနဲ့ တံကောက်ကွေးမှာ သေနတ်ဒဏ်ရာသုံးချက်နဲ့ သေဆုံးခဲ့တာဖြစ်ပြီး ရွာပုလဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်တပ်ဝါဒဖြန့်သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။
သေနတ်နဲ့ပစ်ခတ်မှုကို လက်ရှိအချိန်အထိ ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
စစ်တပ်ထောက်ခံသူတွေဟာ မနေ့က မန္တလေး၊ ကျောက်ဆည်နဲ့ ပြင်ဦးလွင်စတဲ့မြို့တွေမှာ အခုလ ၁၀ ရက်က အာဏာသိမ်းစစ်တပ်ထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းဥပဒေထောက်ခံကြိုဆိုပွဲ တစ်ပြိုင်တည်းပြုလုပ်ခဲ့ကြတာပါ။
အဲဒီထောက်ခံပွဲတွေမှာ ပါဝင်သူတွေဟာ စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးသမားတွေအပြင် စစ်ကောင်စီတပ်တွေက ခြိမ်းခြောက်ခေါ်ဆောင်လို့ ပါဝင်ခဲ့ရသူတွေလည်းရှိတယ်လို့ မန္တလေးနဲ့ ကျောက်ဆည်မြို့ခံတွေက ပြောကြပါတယ်။
ပုံစာ-စစ်မှုထမ်းဥပဒေထောက်ခံပွဲက ပြန်လာလို့ ပစ်သတ်ခံရတဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးဝင်းကို။
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့် People Media

