ဟိုပုံး – ၂၀၂၄ မတ် ၁၂ (မော်ကွန်း)
ဒေသခံတွေဟာ ပအိုဝ်းပြည်သူ့စစ်ရဲ့ လက်တွေ့အခြေအနေမှန်တွေကို နားလည်လာတာကြောင့် စစ်မှုထမ်းဖို့ စိတ်ပါဝင်စားမှုမရှိတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNA)တို့ တိုက်ပွဲပြင်းထန်လာတာ ရက်ပေါင်း ၄၀ ကျော်လာတဲ့နောက် ပြည်သူ့စစ်ဘက်က မြေပြင်မှာ စစ်သားစုဆောင်းမှုတွေ နေ့စဉ်ပြုလုပ်နေတာပါ။
ပြည်သူ့စစ်ဘက်ကတော့ အကြီးအကဲတွေနဲ့အတူ ဘုန်းကြီးတွေလည်း လိုက်ပါလာကာ စစ်သားစုဆောင်းဖို့ စည်းရုံးနေကြတယ်လို့ သိရပါတယ်။
“အရင်လိုမဟုတ်တော့ဘူး ပေါ်တင်စည်းရုံးပြီ”လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မော်ကွန်းက ရရှိထားတဲ့ သတင်းတွေအရတော့ ဒေသခံတွေဟာ ဒီလို တိုက်ပွဲတွေပြင်းထန်လာချိန်ရောက်မှ ပြည်သူ့စစ်အကြောင်းကို ပိုမိုသိလာတာလို့ဆိုပါတယ်။
ပြည်သူ့စစ်ထိန်းချုပ်ထားတဲ့ကျေးရွာတွေအပါအဝင် စစ်ရှောင်စခန်းတွေပါမချန် စစ်သားစုဆောင်းနေလို့ လူငယ်၊ လူရွယ်တွေအနေနဲ့ အတင်းအကျပ်စစ်မှုထမ်းရမယ့်အပေါ် စိုးရိမ်နေကြပါတယ်။
လွိုင်လင်မြို့နယ်စစ်ရှောင်ကူညီသူတွေရဲ့ ပြောစကားအရဆိုရင် ပြည်သူ့စစ်ဟာ စစ်ရှောင်နေသူတွေရဲ့ အိမ်ထောင်ဦးစီးတွေ တစ်အိမ်ကိုတစ်ယောက် အိမ်ပြန်ကြဖို့နဲ့ မပြန်ရင် အိမ်တွေကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့သိရပါတယ်။
ဆီဆိုင်မြို့နယ်ဘက်က ပြည်သူ့စစ် အာဏာသက်ရောက်တဲ့ရွာတွေဆိုရင် တစ်ရွာကို ငါးယောက်နှုန်း၊ အုပ်စုအလိုက်ဆိုရင် တစ်အုပ်စုကို အယောက် ၅၀ နှုန်း မပေးမနေရ စစ်သားတောင်းတယ်လို့ ဒေသခံဆီကသိရပါတယ်။
စစ်အာဏာရှင်တွေနဲ့ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးယူပြီး ကျောက်မျက်လုပ်ငန်းတွေအပါအဝင် စီးပွားရေးအခွင့်အရေးတွေရရှိလာကာ ချမ်းသာလာကြတဲ့ ပအိုဝ်းပြည်သူ့စစ်(PNA) ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အခုလိုစစ်မက်ဖြစ်လာချိန်မှာ ဒေသခံတွေအပေါ် လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ ဒရုန်းဝယ်ယူဖို့၊ စစ်အသုံးစရိတ်တွေ တောင်းခံလာတဲ့အတွက် ပအိုဝ်းဒေသခံတွေအနေနဲ့ စိတ်ပျက်လာကြပြီလို့ ဒေသခံကပြောပါတယ်။
“အရင်တုန်းကဆိုရင်တောင် ဘယ်လောက် တရားချချ ဒေသခံလူထုက နားမဝင်ဘူး၊ အခုတော့ စစ်သားဖြစ်ရမှာကြောက်ကုန်ပြီ”လို့ ဒေသခံကပြောပါတယ်။
ပြည်သူ့စစ်လည်း အရင်ကလို လွယ်လွယ်ကူကူ စစ်သားစုဆောင်းနိုင်မယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ သူတို့အပေါ် တချိန်ကယုံကြည်ခဲ့တဲ့ပြည်သူတွေဟာ မယုံကြည်တော့တာကြောင့် တော်တော်အကျပ်ရိုက်နေတယ်လို့ကြားရကြောင်း ဒေသခံကပြောပါတယ်။
ပအိုဝ်းဒေသခံပြည်သူလူထုဟာ ဆင်းရဲကြသူတွေများပြီး လယ်ယာလုပ်ငန်းနဲ့ ဘိန်းစိုက်ပျိုးမှုတွေကို လုပ်ကိုင်ကြပါတယ်။
ပအိုဝ်းဒေသခံ အဓိကအင်အားကြီးလက်နက်ကိုင်အုပ်စုအနေနဲ့ ဦးအောင်ခမ်းထီဦးဆောင်တဲ့ ပြည်သူ့စစ်(PNA) နဲ့ လက်ရှိ ဗိုလ်ချုပ်ခွန်သူရိန်ခေါင်းဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ဆိုပြီးရှိပေမယ့် အခြားပြည်သူ့စစ်အဖွဲ့ငယ်တချို့လည်းရှိနေပါတယ်။
လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေဟာ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားလာပြီး ဒေသခံစစ်ရှောင်ဦးရေဟာ ၉၀,၀၀၀ နီးပါးရှိလာနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ရဲ့ အချက်အလက်တွေမှာတွေ့ရပါတယ်။
ပုံစာ – ပြည်သူ့စစ်ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်ခမ်းထီ၊ ဦးနေဝင်းထွန်းတို့အပါအဝင် အခြားခေါင်းဆောင်များနှင့်အတူ အာဏာသိမ်းစစ်ခေါင်းဆောင်အား တွေ့ရစဉ်။
ဓါတ်ပုံ – စစ်တပ်ဝါဒဖြန့် Website

