မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သတင်းဆောင်းပါးဖြစ်ပါသည်။
ဗညားကျော် ရေးသည်။
ရန်ကုန် (စက်တင်ဘာ၊ ၂၀၁၉)
ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကိုသူရအောင်ဟာ သူ့ဦးလေးနဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတချို့တင်ထားတဲ့ကားနဲ့ မူဆယ်ကနေ မန္တလေးကို ဆင်းလာခဲ့ပါတယ်။ တစ်နာရီဝန်းကျင်လောက် ကားမောင်းပြီး နမ့်ဖက်ကာမြို့နဲ့ ကွတ်ခိုင်မြို့ကြားအရောက်မှာ ၁၂ ဘီးတပ်ကုန်တင်ကားကြီးနှစ်စီး လမ်းမကြီးကို ကန့်လန့်ဖြတ်ပိတ်ထားတာကို လှမ်းမြင်လိုက်ရပါတယ်။
အဲဒီကားနှစ်စီးအနားမှာ အစိမ်းရောင်ယူနီဖောင်းအပြည့်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၁၅ ယောက်လောက်ကို တွေ့လိုက်ရပါတယ်။ အဲဒီထဲကတစ်ယောက်က သူ HIJET ကားလေးကို ရပ်ဖို့တားပါတယ်။ ကားရပ်ပေးလိုက်တော့ ကားသော့၊ ဖုန်းနဲ့ပိုက်ဆံအိတ်တွေကို ထုတ်ခိုင်းပြီး သိမ်းယူလိုက်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဒီလမ်းပေါ်မှာ အခုလိုပဲ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ ကြုံခဲ့ပြီး ဆက်ကြေးပေးခဲ့ရဖူးတာကြောင့် “တွေ့တွေ့ချင်းတော့ စိတ်ထဲ ဘယ်လိုမှမနေခဲ့ဘူး၊ အရင်လိုပဲ ဆက်ကြေးတောင်းမယ်ထင်တာ” လို့ ကိုသူရအောင်က အဲဒီနေ့က ကြုံခဲ့ရတဲ့ ခံစားချက်ကို ပြန်ပြောပြပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ “ကားမီးရှို့မယ် ပြောတော့ စိတ်ဓာတ်ကိုကျသွားတာပဲ။ လုပ်စားရမှာက ဒီကားနဲ့ပဲလေ” လို့ အသက် ၂၁ နှစ်အရွယ် ကိုသူရအောင်က ညည်းတွားပါတယ်။
ကားမီးမရှို့ဖို့ သူအပါအဝင် ကားသမားတွေက လက်နက်ကိုင်အဖွဲ့ကို ဝိုင်းဝန်းတောင်းပန်ခဲ့ကြပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ ကိုသူရအောင်က ဆိုပါတယ်။
ဒီလိုနဲ့ လက်နက်ကိုင်အဖွဲ့ဟာ ကားတွေကို တစ်စီးပြီး တစ်စီးတားကာ ကားသမားတွေဆီက ဖုန်းနဲ့ ပိုက်ဆံတွေကို သိမ်းယူပြီး ည ၇ နာရီဝန်းကျင်လောက်အထိ ကားသမားတွေကို မြေပေါ်မှာ စုထိုင်ခိုင်းထားတယ်လို့ သူကဆိုပါတယ်။
ကားအစီး၂၀ ဝန်းကျင်လောက် တားဆီးပြီးချိန်မှာတော့ ကားသမားအားလုံးကို ခြေကျင်ပြန်ခိုင်းလိုက်ပြီး သိပ်မကြာခင်မှာပဲ ကားတွေကို မီးရှို့ပစ်လိုက်တယ်လို့ ကိုသူရအောင်က သူကြုံခဲ့ရတာကို ပြောပြပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့ဟာ ဗမာစကား ခပ်ဝဲဝဲ ပြောကြသလို ပလောင်လိုလည်း ပြောဆိုကြတယ်လို့ သူမှတ်မိသလောက် ပြန်ပြောပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်မှာမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ မန္တလေး-မူဆယ် ပြေးဆွဲနေတဲ့ ကုန်တင်ကားအစီး ၂၀ ကိုတစ်ရက်တည်းမီးရှို့ခဲ့တာဖြစ်ပြီး ခုနစ်စီး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ကျန်တဲ့ မီးမစွဲသေးတဲ့ ကားတွေနဲ့ မီးလောင်စပြုနေတဲ့ ကားတွေကတော့ လက်နက်ကိုင်တွေ ထွက်သွားချိန်မှာ ချက်ချင်းပဲ မီးငြိမ်းသတ် ထွက်ပြေးကြတာကြောင့် လွတ်မြောက်ခဲ့ပါတယ်။
တအာန်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (Ta’ang National Liberation Army- TNLA)၊ ရက္ခိုင့်တပ်မတော် (Arakan Army-AA) အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (Myanmar National Democratic Alliance Army-MNDAA) တို့ စုပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ အနေနဲ့ ဒီလိုလုပ်ဆောင်ရတာဟာ တပ်မတော်က ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်း ထိုးစစ်ပြင်းထန် လာတာကြောင့် တုံ့ပြန်တာ ဖြစ်တယ်လို့ TNLA က အစောပိုင်းမှာ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ကားမီးရှို့တဲ့ လုပ်ရပ်တွေကြောင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းဟာ ဂုတ်တွင်းတံတား မိုင်းခွဲခံရတဲ့ ဩဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ၁၂ ရက်ကြာ လုံးဝ ပြတ်တောက်သွားခဲ့ပါတယ်။ စက်တင်ဘာ ၄ ရက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် ကုန်ကားတွေ ကြိုကြားကြိုကြားသာ သွားလာနိုင်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (Myanmar Institute for Peace and Security – MIPS) ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာဒေါက်တာမင်းဇော်ဦးက နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး အများဆုံး ပြုလုပ်နေတဲ့ ဒီလမ်းကြောင်းကို ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ပိတ်ဆို့ ဖြတ်တောက်မှုတွေဟာ နိုင်ငံရဲ့ မဟာဗျူဟာအကျိုးစီးပွားကို လာပြီး ရိုက်ခတ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်လို့ဆိုပါတယ်။
“ဒါက တိုင်းပြည်ရဲ့ စီးပွားရေးအသက်သွေးကြောကို ကတ်ကြေးနဲ့ ဖြတ်လိုက်သလိုပဲ” လို့ သူက ဆက်ပြောပါတယ်။
မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းဟာတိုင်းပြည်ကုန်သွယ်ရေးအတွက် အရေးကြီးတာကြောင့် ဒီလမ်းကြောင်းထိန်းချုပ်နိုင်ရေး၊ ကာကွယ်နိုင်ရေးဆိုတာ အရေးပါတဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရဲ့ ကုန်သွယ်မှုပမာဏ (ပို့ကုန်၊ သွင်းကုန်) ၇၀ ရာခိုင်နှုန်းနီးပါး အလုပ်လုပ်နေတာ ဖြစ်တယ်လို့ မူဆယ်-နမ့်ခမ်းကုန်သည်အသင်းက အထွေထွေအတွင်းရေးမှူး ဦးဝင်းအောင်ခန့်က ရှင်းပြပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မူဆယ်စခန်းကနေ တရုတ်ပြည်ကို တစ်ရက်ပျမ်းမျှပို့ကုန် အမေရိကန်ဒေါ်လာကိုးသန်းဖိုးနဲ့ သွင်းကုန်ဒေါ်လာငါး သန်းဖိုးအထိ ကုန်သွယ်နေတယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ဆန်၊ ပဲမျိုးစုံ၊ ကြက်သွန်၊ သကြား၊ ပြောင်း၊ ရော်ဘာကုန်ကြမ်း၊ ကျွဲ၊ နွားနဲ့ ရေထွက်ပစ္စည်း စတာတွေ တင်ပို့တာဖြစ်ပြီး တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို အဓိက သွင်းကုန်တွေအနေနဲ့ ကုန်မာပစ္စည်းတွေ၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ စက်အပိုပစ္စည်း တွေ၊ ယာဉ်ယ္တရားတွေနဲ့ အဝတ်အစားတို့အပြင် ဓာတ်မြေဩဇာ တွေကို တင်သွင်းနေရတယ်လို့ ဦးဝင်းအောင်ခန့်က ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ကုန်တင်ကားအစီး ၄၀ဝ ဝန်းကျင်ဟာ မူဆယ်မှာ ရပ်တန့်သွားခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။

Photo – Thu Ya Aung
စက်တင်ဘာ ၃ ရက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့မီးရှို့ခဲ့သည့် ကားများ
“ဒီလမ်းကြောင်းကြီး ဒီလိုပျက်စီးနေရင်၊ ပြတ်တောက်နေတယ်ဆိုရင် တစ်နိုင်ငံလုံးရဲ့ နယ်စပ်ကုန်သွယ်ရေး ၇၀ ရာခိုင်နှုန်း ပျက်စီးထိခိုက်နေတာပဲ”လို့ သူက မှတ်ချက်ပေးပါတယ်။
ဩဂုတ် ၂၇ ရက်နောက်ပိုင်း ဂုတ်တွင်းတံတား ပြန်လည်ပြုပြင်ပြီး လမ်းပြန်ပွင့်လာတာကြောင့် ရပ်တန့်နေတဲ့ ကားအစီး ၄၀ဝ လောက်ဟာ မန္တလေး၊ ရန်ကုန်ကို ဆင်းလာကြသလို ကျန်တဲ့ရက်ပိုင်းတွေမှာလည်း ကားတွေဟာ တိုက်ပွဲအခြေအနေကို နားစွင့်ပြီး ကြိုကြားကြိုကြား သွားလာနေတာ ရှိတယ်လို့ သူကဆိုပါတယ်။
“(တရုတ်က) ပစ္စည်းဝင်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ဈေးတွေ မတက်လိုက်တာ။ လက်ရှိတိုင်းပြည်ရဲ့ အရောင်း အဝယ်က အေးတာဖြစ်လို့ ကုန်ဈေးနှုန်းက ဒီလို ကြီးကြီးမားမား တက်တာမပေါ်ဘူးပေါ့”လို့ သူက ဆိုပါတယ်။
သူ့အမြင်အရ ဒီလမ်းကြောင်းကြီးသာဒီထက်အချိန်ကြာမြင့််စွာပြတ်တောက်ခဲ့ရင် နောက်ဆက်တွဲဂယက်အနေနဲ့ တိုင်းပြည်ရဲ့ ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်သလို ပို့ကုန် သွင်းကုန်ကဏ္ဍတွေပါ ထိခိုက်လာနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်း မလုံခြုံမှုဂယက်
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက အဲဒီဒေသမှာရှိတဲ့ တပ်ရင်း တွေက မြောက်ပိုင်းအဖွဲ့တွေကို မထိန်းနိုင်ခဲ့လို့ အရင်ကတည်းက ဆက်ကြေးကောက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အရပ်ဘက်သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
မူဆယ်လမ်းမကြီးဟာ မြန်မာနိုင်ငံအတွက်အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ပေမယ့် လုံခြုံရေးဆိုင်ရာ အား နည်းချက်တွေ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။
ဒေါက်တာမင်းဇော်ဦးကလည်း တပ်မတော်အနေနဲ့ လမ်းကြောင်းပိတ်ရင် ပြန်ဖွင့်တာတွေ လုပ်နိုင်ပေမယ့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက ကြိုကြားကြိုကြားဝင်လာပြီး လမ်းမပေါ်က ကားတွေကို မီးရှို့တာတွေ၊ ကားဘီးဖောက်တာတွေကို တားဆီးဖို့ လမ်းမကြီးပေါ်မှာ တပ်မတော်အနေနဲ့ လက်ချင်းယှက်ထားတာ မဟုတ်လို့ လုံခြုံရေးအရ ဖြေရှင်းဖို့ ခက်သေးတယ်လို့ ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ဟာ ကုန်သွယ်ရေးလမ်းကြောင်းကို “ငါတို့ ဖြတ်လို့ရတယ်၊ ဒါတွေ လုပ်နိုင်တယ်ဆိုတဲ့ အစွမ်းအစပြပြီးတော့ ဟိုဘက်(အစိုးရ)နဲ့ ညှိနှိုင်းမယ်ဆိုတဲ့ အဓိပ္ပာယ်လို့” သူက သုံးသပ်ပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကနေ စက်တင်ဘာ ၁၅ ရက်အထိ ရှမ်းပြည်မြောက်ပိုင်းမှာ တစ်လနီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် တစ်ရက်ကို ကုန်သွယ်မှုတန်ဖိုး အနည်းဆုံး အမေရိကန်ဒေါ်လာသန်း ၃၂၀ အထက် ဆုံးရှုံးခဲ့ရတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy Myanmar – ISP Myanmar) က ပြီးခဲ့တဲ့ စက်တင်ဘာက ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ တံတားလေးစင်း ပျက်စီးခဲ့ရပြီး အနည်းဆုံးမော်တော်ယာဉ် ၁၄ စီး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အရပ်သား ၁၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့ရသလို နေရပ်စွန့်ခွာ ဒုက္ခသည်အရေအတွက်ဟာလည်း အနည်းဆုံး ၆,၆၀ဝ ကျော် ရှိတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က တင်ပို့တဲ့ ကဏန်း၊ ငါးရှဉ့်တွေ ပျက်စီးခဲ့ရပြီး ကျပ်သိန်းပေါင်း ၉çဝဝဝ ကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဩဂုတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဌာနရဲ့ အဆိုအရ ရေထွက်ကုန်တင်ပို့မှုဟာ မြန်မာနိုင်ငံရဲ့ပို့ကုန်စာရင်းမှာ တတိယမြောက် အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းတိုက်ခိုက်ခံရတာဟာ အခုနဲ့ဆိုရင် နှစ်ကြိမ်မြောက်ဖြစ်တယ်လို့ မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းက ဦးဝင်းအောင်ခန့်က ဆိုပါတယ်။ ၂၀၁၆ မှာ တစ်ကြိမ်ဖြစ်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ တချို့ရဲ့ ဝင်ရောက်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သူကပြောပြပါတယ်။
အဲဒီတုန်းက တပ်မတော်နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး နာရီပိုင်းအတွင်းမှာပဲ လက်နက်ကိုင်တွေ နောက်ဆုတ်သွားလို့ တိုက်ပွဲပြီးသွားခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် ဖြစ်ရပ်ကတော့ “အဆိုးဆုံးပဲ”လို့ သူက မှတ်ချက်ပေးပါတယ်။
“တိုက်ပွဲဖြစ်တော့ လမ်းကြောင်းပိတ်တယ်ဆို အကုန်လုံးက ရပ်နေတယ်။ လမ်းကြောင်းပွင့်တယ်၊ သွားလို့ရပြီဆို အဲဒီကနေ တဝုန်းဝုန်း သွားခဲ့ကြတယ်။ မရရင် မရတဲ့နေရာမှာ အားလုံးရပ်သွားကြတယ်” လို့ သူက ပြီးခဲ့တဲ့ ဩဂုတ်တိုက်ပွဲ အတောအတွင်း သွားလာရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

Photo – Thu Ya Aung
စက်တင်ဘာ ၃ ရက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ မီးရှို့ခဲ့သည့် ကားများ
မူဆယ်က ဆန်ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးမင်းသိန်းကလည်း တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး လုံးဝပြတ်တောက်သွားပြီး ဩဂုတ်လကုန်အထိ မူဆယ်ကို ဆန်အဝင်ကား မရှိသလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ တိုက်ပွဲမဖြစ်ခင် ၁၅ ရက် အရှေ့ပိုင်းက တစ်နေ့ကို ဆန်ကားအစီး ၄၀ ကျော်ဝင်ပေမယ့် မော်ကွန်းက မေးမြန်းခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်အထိ ကား ၁၀ စီးအထက် မရှိဘူးလို့ သူကဆိုပါတယ်။
ဆုံးရှုံးနစ်နာမှုက ဘယ်သူ့တာဝန်လဲ
ငါးရှဉ့်ကုန်သည်အသင်းရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒတင်က ကုန်သွယ်ရေးလမ်းကြောင်း မလုံခြုံမှုကြောင့် ရေထွက်ကုန်ပို့ရတဲ့ လုပ်ငန်းရှင်တွေအတွက် အများကြီးထိခိုက်နစ်နာဆုံးရှုံးမှုတွေ ရှိတယ်လို့ ပြောပါတယ်။
ငါးရှဉ့်သဘောသဘာဝဟာ ရေကောင်းရေသန့်ရဖို့နဲ့ အောက်ဆီဂျင်ပြတ်လပ်မှု မရှိဖို့ နေ့စဉ်ရေလှယ်ပေးရပြီး တရုတ်ပြည်ကို အမြန်ပို့ဆောင်ရတာဖြစ်တာကြောင့် အခုလိုတိုက်ပွဲဖြစ်တဲ့လမ်းမှာ ငါးရှဉ့်အရှင်တွေကို ကုန်ခြောက်ပစ္စည်းတွေလို တစ်နေရာမှာ ချထားလို့မရဘူးလို့ သူကရှင်းပြပါတယ်။
တိုက်ပွဲမဖြစ်ခင် ဩဂုတ် ၁၅ ရက်အထိ မန္တလေးကနေ မူဆယ်နဲ့ ချင်းရွှေဟော်ကို နေ့စဉ် ငါးရှဉ့်ကား ၁၅ စီး ဝန်းကျင်လောက် သွားပြီးပို့ကုန်တန်ဖိုး ကျပ်သိန်း ၄,၅၀ဝ ကျော်ဖိုး ရှိတယ်လို့ မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းက ဘဏ္ဍာရေးမှူး ဦးစိုးသန်းက ဆိုပါတယ်။
“မြောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲက ငါးရက်၊ ခြောက်ရက် လောက်ဆိုတော့ ကျွန်တော်တို့ တော်တော်ကုန်သွားတာပေါ့”လို့ သူက တိုက်ပွဲအတွင်း ဆုံးရှုံးခဲ့ရတာကို ပြောပြပါတယ်။
၁၉၉၇ ကတည်းက ငါးရှဉ့်တင်ပို့တဲ့လုပ်ငန်းကို လုပ်ကိုင် လာတဲ့ ကာလအတွင်း တံတားကျိုးတာလောက်သာ ကြုံခဲ့ရပေ မယ့် ဒီနှစ်နှစ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ အဆိုးဆုံးပဲလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ တိုက်ပွဲကာလမှာတော့ သူတို့ကုန်သည်တွေအနေနဲ့ လမ်းကြောင်းအခြေအနေကိုကြည့်ပြီး တင်ပို့ရတာဖြစ်လို့ သယ် ယူစရိတ်ဟာ ၁၀ သိန်းဝန်းကျင်ကနေ သိန်း ၃၀ အထိ မြင့်တက်ခဲ့ တယ်လို့ ဆိုပါတယ်။
“မူဆယ်ဘက် တစ်ခြမ်းလောက်ပဲ တိုက်ပွဲဖြစ်ရင် ကျွန် တော်တို့က ချင်းရွှေဟော်ဘက်က သွားလို့ရသေးတယ်လေ။ အခုက နှစ်ဖက်လုံးတံတားတွေ ချိုးချလိုက်တော့ အကုန်လုံး ဘာမှလုပ်လို့ မရတော့ဘူးလေ”လို့ သူက ညည်းတွားပါတယ်။
ဒေါက်တာတိုးနန္ဒတင်ကလည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သူတို့ငါးရှဉ့်အသင်းက ကုန်သည်တွေ သိန်းထောင်ချီ ဆုံးရှုံးနစ်နာမှုအတွက် ဘယ်သူတာဝန်ယူဖြေရှင်းပေးမလဲဆိုတာ မေးခွန်းရှိလာပြီလို့ ဆိုပါတယ်။
“အခုလိုပဲ ခဏဏ ဆုံးရှုံးရင် လူတွေလည်း အလုပ်လုပ် လို့ မရတော့ဘူးလေ”လို့ သူက ညည်းတွားပါတယ်။
ဆုံးရှုံးမှုအတွက် အကုန်ပြန်မရနိုင်ရင်တောင် ဘယ်လိုလုပ်ပေးနိုင်မလဲလို့ ငါးရှဉ့်ကုန်သည်အသင်းဝင်တွေက မေးကြတဲ့အခါ သူကိုယ်တိုင်လည်း အသင်းဝင်တွေကို ရှင်းပြရခက်နေ သလို ဆုံးရှုံးနစ်နာမှုတွေအတွက် ဘယ်သူ့ကို တင်ပြရမလဲ မသိဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဦးဝင်းအောင်ခန့်ကလည်းသူ့အမြင်အရ လက်ရှိ တိုင်းပြည်ရဲ့အနေအထားဟာ နိုင်ငံသားတစ်ဦးအနေနဲ့ တရားဝင် အခွန် ဆောင်ပြီး သွားလာနေတဲ့ ပစ္စည်းတွေ၊ ကားတွေ ဆုံးရှုံးမှုဖြစ် လာရင် ကိုယ်ဖြစ်ကိုယ်ခံအနေအထားပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှေးယခင်အစဉ်အဆက်ကလည်း ဆုံးရှုံးမှုကို ဘယ်သူကမှ တာဝန်ယူပေးတယ်ဆိုတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“ဘယ်သူကမှ ဆုံးရှုံးသွားတဲ့ ယာဉ်ပိုင်ရှင်တွေ၊ ကုန်ပိုင်ရှင် တွေကို နစ်နာသွားတဲ့အတွက် ပြန်လည်ရပ်တည်ဖို့ လုပ်ပေးတာမျိုး ဒီနေ့၊ ဒီအချိန်ထိ ဘာမှပြတ်ပြတ်သားသား မသိရဘူး”လို့ သူက ဆက်ပြောပါတယ်။
ငါးရှဉ့်ပို့ကုန် သိန်း ၂၀ဝ ဖိုးဝန်းကျင်လောက် ဆုံးရှုံးခဲ့ရတဲ့ ဦးစိုးသန်းကလည်း သူတို့ဟာ အခွန်ထမ်းလုပ်ငန်းရှင်တွေ ဖြစ်တာကြောင့် အခုလို နစ်နာခဲ့ရတာအတွက် နိုင်ငံတော်ဘက်ကနေ စေတနာရှိသလောက် ပံ့ပိုးပေးရင် လုပ်ငန်းလေး တွင်တွင်ကျယ်ကျယ် လုပ်လာနိုင်မယ်လို့ ဆိုပါတယ်။
လုံခြုံရေးအတွက် ဘာလုပ်သင့်လဲ
မော်ကွန်းက မေးမြန်းခဲ့တဲ့ ပညာရှင်တချို့နဲ့ လုပ်ငန်းရှင်တွေက ကုန်သွယ်ရေးလမ်းကြောင်း မလုံခြုံတာဟာ ပြည်တွင်း ငြိမ်းချမ်းရေးမရသေးတဲ့ အကြောင်းတစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။ လုံခြုံရေးတာဝန်ယူထားတဲ့သူတွေအနေနဲ့ လမ်းကြောင်း လုံခြုံအောင် လုပ်ပေးရမှာ ဖြစ်တယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။
“လတ်တလော ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေတဲ့ အချိန်မှာလည်း လမ်းကြောင်းကြီးကို လုံခြုံအောင် စီမံပေးထား သင့်တာပေါ့”လို့ မူဆယ်-နမ့်ခမ်းကုန်သည်အသင်းက ဦးဝင်း အောင်ခန့်က ဆိုပါတယ်။
မြောက်ပိုင်းသုံးဖွဲ့လက်ချက်ကြောင့် ကားမီးရှို့ခံလိုက်ရတဲ့ ကိုသူရအောင်က သူ့ကားမီးရှို့မခံရခင်မှာ မူဆယ်-မန္တလေးကို ကားနှစ်ခေါက် ဆွဲခဲ့သေးတယ်လို့ ဆိုပါတယ်။ အဲဒီနှစ်ခေါက်လုံးမှာ မူဆယ်-ကွတ်ခိုင်လမ်းတစ်ကြောမှာ တပ်မတော်က လမ်းကွေ့တိုင်းမှာ ကင်းအနေနဲ့ နှစ်ယောက်၊ သုံးယောက်ချထားလို့ သူလည်း နယ်မြေအေးချမ်းသွားပြီလို့ ထင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo – Thu Ya Aung
စက်တင်ဘာ ၃ ရက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့မီးရှို့ခဲ့သည့် ကားများ
ဒီလို တပ်မတော်က လုံခြုံရေးယူထားတာတောင် မြောက်ပိုင်းအဖွဲ့က တပ်မတော်မရှိတဲ့နေရာတွေကို ကြည့်ပြီး မှောင်စပြုတဲ့ အချိန်မှာ ကားတွေကိုတားပြီး မီးရှို့တယ်လို့ သူကြုံတွေ့ခဲ့ တာကို ပြန်ပြောပြပါတယ်။
MIPS ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက လုံခြုံရေးစီမံချက်တွေ ဆောင်ရွက်တဲ့အခါမှာအစိုးရနဲ့တပ်မတော်အနေနဲ့ အချိတ်အဆက်ညီညီလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလမ်းကြောင်း လုံခြုံရေးအတွက် သတင်းလက်ဦးမှု ရယူဖို့ အရေးကြီးသလို လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အချက်အချာကျတဲ့ နေရာတွေကို ကာကွယ်ထားနိုင်ဖို့ လိုတယ်လို့ဆိုပါတယ်။
အစိုးရအနေနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒချပေးပြီး တပ်မတော်က မြေပြင်အနေအထားမှာအကောင်အထည်ဖော်ရတယ် လို့ သူကဆိုပါတယ်။ ဒါပေမဲ့ လက်ရှိမြန်မာပြည်ရဲ့ပြဿနာမှာ ဒီအချိတ်အဆက်တွေ မရှိသလို လုံခြုံရေးကိစ္စမှာ အစိုးရက ဘယ်လောက်ထိ မူဝါဒချမှတ်ပေးလဲဆိုတာ မရှင်းဘူးလို့ သူကထောက်ပြပါတယ်။
ဒီလိုဖော်ဆောင်တဲ့အခါ ဥပဒေပိုင်းအရလိုအပ်တဲ့ပံ့ပိုးမှုကို ပြည်ထောင်စုလွှတ်တော်က ပံ့ပိုးမှုတွေ၊ ဖြည့်စွက်ပြင်ဆင်တာ တွေ လုပ်ပေးရတယ်လို့ ဆိုပါတယ်။
“လွှတ်တော်ရော၊ အစိုးရရော၊ လုံခြုံရေးစီမံချက်တွေ ဖော်တဲ့ အဖွဲ့အစည်းတွေကြားမှာ အချိတ်အဆက်တွေ အများ ကြီးရှိဖို့ လိုတယ်”လို့ သူက ထောက်ပြပါတယ်။
ဩဂုတ် ၃၁ ရက်မှာတော့ အစိုးရအဖွဲ့ဘက်က ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်နိုင်ရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး သဘောတူစာချုပ် အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ကျိုင်းတုံမြို့မှာ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးမှုအပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တိုက်ခိုက်မှုတွေ လျော့နည်းကျဆင်းသွားခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်မှာအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) က ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ ပြီးခဲ့တဲ့ ဩဂုတ်လလယ် ကစပြီးဆောင်းပါးဖောင်ပိတ်ချိန် အောက်တိုဘာ ၁၀ ရက်အထိ ဖုန်း ၁၆ ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
မူဆယ်-နမ့်ခမ်းကုန်သည်အသင်းက ဦးဝင်းအောင်ခန့်ကလည်း ကုန်သွယ်ရေးလမ်းကြောင်းအခြေအနေ ဘယ်လိုရှိရှိ သူ တို့ မြောက်ပိုင်းကုန်သည်တွေအနေနဲ့ တိုက်ပွဲအရိပ်အကဲကို ကြည့်ပြီး သွားလာ ကူးသန်းရမှာပဲလို့ ဆိုပါတယ်။
ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေဟာ နေ့စဉ်ရက်ဆက် ဖြစ်ပွားတာမျိုးမဟုတ်ဘဲ နာရီပိုင်းလောက်ပဲဖြစ်တာကြောင့် ရှေ့မှာဘာဖြစ်လဲဆိုတာကိုနားစွင့်ပြီး သွားကြတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ ကားတွေရပ်ကြပြီး တိုက်ပွဲပြီးလို့ သွားလို့ရရင် သွားကြတယ်လို့ သူကပြောပြပါတယ်။
“အဲဒီမှာ ကံမကောင်းတဲ့ သူကတော့ ဆုံးရှုံးသွားတာပေါ့” လို့ သူက ဆိုပါတယ်။
ရန်ကုန်က ငါးရှဉ့်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးကတော့ အခုလိုမျိုး မကြာခဏ တိုက်ပွဲတွေဖြစ်ပြီး လနဲ့ချီ လမ်းကြောင်းပြတ်တောက်ပိတ်ဆို့မှုတွေ ဖြစ်ရင်တော့ သူ့အနေနဲ့ လက်ထဲရှိတဲ့ ငါးရှဉ့်တွေကို အဆင်ပြေသလို ရောင်းချပြီး လုပ်ငန်းရပ်သင့်ရင်လည်း ရပ်ရလိမ့်မယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းလုံခြုံရေး နဲ့ ပတ်သက်ပြီး သူက အခုလို ဆိုလိုက်ပါတယ်။
“အခုလည်း ဘယ်စိတ်အေးဦးမလဲ။ တိုက်ပွဲသတင်းတွေ ကြားရင် စိတ်ပူနေရတုန်း”
#mawkun #magazine #chronicle #feature

