ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး ဒီကနေ့ည ၇း၀၀ နာရီဝန်းကျင်က စတင်မီးရှို့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
“တစ်ရွာလုံးပြာကျလုနီးပါးဖြစ်နေပါပြီ အခုကတော့ … ” လို့ ဒီကနေ့ည ၁၀း၀၀ နာရီခန့်မှာ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
ရွာကိုမီးမရှို့ခင်မှာ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးလာတာကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေ နာရီဝက်လောက်လောက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ကုန်းရွာမှာ အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၂,၀၀၀ နီးပါးရှိကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံကပြောပါတယ်။
တိုက်ပွဲတွေပြင်းလာဖို့ရှိနိုင်တာကြောင့် ယင်းမာပင်မြို့နယ်ထဲက ပြောင်းပြာ၊ မြို့ပေါ်၊ စားတော်ပြင်၊ လက်လှုပ်၊ ရုံးလေးပင်၊ ရေအောက်၊ ကုန်းရွာ၊ ဇီးတောတောင်ရွာ၊ ဇီးတောမြောက်ရွာ၊ နုံးကြီးနဲ့ ပေါက်ပန်းဖြူ စတဲ့ရွာတွေကို ဘေးလွတ်ရာရှောင်နေကြဖို့ ဒေသတော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
ပုံစာ – ယနေ့ည မီးရှို့ခံနေရတဲ့ ကုန်းရွာ
ဓါတ်ပုံ – ဒေသခံ
#Dailynews

