ရန်ကုန် – နိုဝင်ဘာ ၂၁ (မော်ကွန်း)
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာအမ်းမြို့ကို စစ်ကူသွားမယ့် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက မကွေးတိုင်း ငဖဲမြို့နယ်ထဲမှာ မနေ့ကခြုံခိုတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒီတိုက်ပွဲမှာပါဝင်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA-Magway က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
အင်အား ၄၀ ခန့်ပါတဲ့ ဒီစစ်ကောင်စီစစ်ကြောင်းကို မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁,၀၀၀ ခန့်အကွာမှာ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်က ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းက တပ်ကြပ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့တယ်လို့ PRA-Magway က တိုက်ပွဲရုပ်သံမှတ်တမ်းနဲ့အတူ ထုတ်ပြန်ထားတာပါ။
အာရက္ခတပ်တော် (AA) ရဲ့ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်ကိုသွားတဲ့ ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ အမ်း-ပဒါန်းလမ်းကြောင်းမှာ ပြီးခဲ့တဲ့လပိုင်းကစပြီး တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာပါတယ်။
ဒီလဆန်းပိုင်းကလည်း အမ်း-ပဒါန်းလမ်းပေါ် ငဖဲမြို့နယ်အနောက်ဖက်မှာရှိတဲ့ စစ်ကောင်စီကင်းစခန်းနှစ်ခု PRA-Magway တပ်ဖွဲ့က တစ်ပြိုင်နက်ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့ကို သိမ်းယူဖို့အတွက် ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ရခိုင်နဲ့ မကွေးအစပ်ဖြစ်တဲ့ ဒီ အမ်း-ပဒါန်းလမ်းကြောင်းကနေ အမ်းမြို့နယ်ကို စစ်ကူတွေ ပေးပို့နေတာပါ။
စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းတွေ စစ်ကြောင်းတွေဟာ ဒီလမ်းပိုင်းကို အဓိကထား အသုံးပြုနေရပြီး AA ရဲ့ မဟာမိတ်အင်အားစုတွေဖြစ်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း စစ်ကောင်စီရဲ့ ဒီထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတာပါ။
ပဒါန်း-အမ်းလမ်းပိုင်း ထိန်းချုပ်ရေးဟာ ချမှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်ရဲ့ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ပြီးတော့ ဒီလမ်းပိုင်းထိန်းချုပ်မှုကနေတဆင့် ကျယ်ပြန့်တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်သွားမယ်လို့လည်း PRA-Magway ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီတပ်ကို ခြုံခိုက်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်
ရုပ်သံ – PRA-Magway