ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၂၁ (မော်ကွန်း)
လူသိများခဲ့တဲ့ ရန်ကုန်မြို့၊ ဗားကရာချောက်စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တည်ထောင်ခဲ့တာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီး မြို့တွင်းနဲ့ကျေးလက်စစ်ဆင်ရေး ၁၀၇ ကြိမ်ပြုလုပ်ခဲ့ကာ စစ်ကောင်စီလက်ပါးစေ ၂၆၂ ဦးချေမှုန်းခဲ့တယ်လို့ လို့ ဒီနေ့ထုတ်ပြန်ပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအောက်မှာရှိတာပါ။
မြို့တွင်းစစ်ဆင်ရေးတွေအနေနဲ့ ရန်ကုန်မြို့မှာ ဗားကရာ၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာ၊ သန်လျင်တံတား၊ မြောက်ဥက္ကလာတံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေ၊ သာကေတ၊ မြောက်ဥက္ကလာ နဲ့ လှိုင်သာယာရဲစခန်းအား လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
မြို့တွင်းစစ်ဆင်ရေးအဖြစ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ဟာ ရန်ကုန်အပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နဲ့ မွန်ပြည်နယ်တို့မှာ ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးတွေကိုဆောင်ရွက်ခဲ့ပြီး KNU တပ်မဟာ ၆ နဲ့ တပ်မဟာ ၄ နယ်မြေတွေမှာ KNLA တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ကျေးလက်စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ပါရှိပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) နှစ်နှစ်ပြည့်ကနေ မြန်မာတစ်နိုင်ငံလုံးမှာလွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်ချိန်ထိ “တော်လှန်ရေးအမြုတေ” အဖြစ်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။
Photo- အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)
#Dailynews

