ရန်ကုန်၊ ၂၀၂၀၊ မတ်-၃(မော်ကွန်း)
ရန်ကုန်မြို့မှ ကိုကိုးကျွန်းသို့ ပြေးဆွဲနေသည့် သင်္ဘောခရီးစဉ်သည် ယခင်ခရီးစဉ်နှစ်ခေါက်က ယာဉ်စီးခ ၊ ကုန်တင်ခကိုအခမဲ့ ပြေးဆွဲခဲ့သော်လည်း တတိယအကြိမ်ခရီးစဉ်တွင် ကုန်ပစ္စည်းတင်ခများကိုကောက်ခံသွားတော့မည်ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)၏တွဲဘက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။
“ကုန်တွေပေါ်မှာတန်ဆာခကောက်ခံခြင်း သည်လုပ်ငန်းရဲ့လိုအပ်ချက်အရဆောင်ရွက်သွားရမယ်။ အလုပ်တစ်ခုအနေနဲ့ လျာထားပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ကုန်ပစ္စည်းများတွင် ဒေသဖွံ့ဖြိုးရေး၊ တည်ဆောက်ရေး၊ ပြန်လည်ရောင်းချရမည့်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန် စသည်တို့ပါဝင်ပြီး ၎င်းတို့ကိုကုန်ပစ္စည်းအမျိုးအစားအလိုက်ခွဲခြားကောက်ခံသွားမည်ဟု ဦးလှအောင်ကဆိုသည်။
အဆိုပါခရီးစဉ်တစ်ခေါက်စီအတွက် ကျပ်သိန်း၂၀၀ကို YRTA ၏ စီမံခန့်ခွဲမှုရန်ပုံငွေထဲမှ ကျခံဆောင်ရွက်နေခြင်း ဖြစ်သည်။
ရန်ကုန် – ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို YRTAမှ တာဝန်ယူ၍ ယခုနှစ်ဇန်နဝါရီလပိုင်းက စတင်ပြေးဆွဲပေးခဲ့ကာ ပထမပြေးဆွဲသည့်အကြိမ်တွင် ကုန်ပစ္စည်းတန်ချိန် ၂၈၂တန် ဒုတိယခရီးစဉ်တွင် ကုန်တန်ချိန် ၁၈၁တန် ပါဝင်ခဲ့သည်။
ဒုတိယအကြိမ်ကိုကိုကျွန်းခရီးစဉ်ကို ယခုလ၇ရက်နေ့တွင်ထွက်ခဲ့ပြီး ၉ရက်နေ့တွင် ကိုကိုးကျွန်းသို့ရောက်ရှိကာ ယခုအခါကုန်တင်ကုန်ချပြုလုပ်နေသည်ဟုဦးလှအောင်ကပြောသည်။
ကိုကိုးကျွန်းသို့ပြေးဆွဲပေးနေသောသင်္ဘောဖြစ်သည့် သဘာပတိအမည်ရှိ သင်္ဘောသည် ခရီးသည် ၆၀ခန့် သင်္ဘောသား၂၀ခန့်နှင့် ကုန်တန်ချိန် ၃၀၀ နီးပါးတင်နိုင်သည့်သင်္ဘောဖြစ်သည်။