မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ အက်ဆေးဖြစ်ပါသည်။
ဇာခြည်ငြိမ်း ရေးသည်။
“မြေက အဲ့သလောက်မဟုတ်ဘူးဆရာမရဲ့။ မြေနုကျွန်းဆိုတာ ဒီနှစ် ဒီနေရာမှာပေါ်ပေမယ့် နောက်နှစ် နောက်တစ်နေရာမှာ ပေါ်တဲ့အမျိုးရယ်။ ဘယ်လောက်မှ ကျယ်တာလည်း မဟုတ်ဘူးရယ်။ လေးဧက၊ ငါးဧကပေါ့။ ဒါပေသိ မက်ကြတယ်။ သတ်ကြဖြတ်ကြတဲ့အထိ ဖြစ်ရတာက သိက္ခာကျမခံချင်လို့ရယ်။ ပြိုင်လုကြရင် ကိုယ့်ရွာကနိုင်တယ်ဆိုတာမျိုးကို မက်ကြသာကိုး။ ဟိုဘက်ရွာက ရသွားတယ်ဆိုတာက မြေထက် ကိုယ့်ရွာသိက္ခာက ပိုလို့ရှုံးတယ်လို့ ခံယူသာမျိုးရယ်”
မြေနုကျွန်းလုကြရင်း ရွာနှစ်ရွာအချင်းများရာကနေ လူသတ်ပွဲဖြစ်ကြတဲ့သတင်းက ကျွန်မတို့လူ့အဖွဲ့အစည်းကို တုန်လှုပ်စေတယ်လို့ ရိုးရိုးပဲဝန်ခံပါရစေ။ လူသတ်ပွဲ အထင်ကရဖြစ်လာမှ လူအာရုံစိုက်ကြပေမယ့် အငြင်းပွားနေတာကတော့ ကြာလှပါပြီဆိုတာ သတင်းများကို ပြန်ကြည့်မှ သိရပါတယ်။ မြေကပဲ လူ့အသက်ထက် တန်ဖိုးမြင့်နေသလားလို့ တွေးတွေးဆဆ ပြောကြပါတယ်။ ဒါပေမဲ့ အထက်ပါစကား ကျွန်မကို ပြောခဲ့သူကတော့ ဒေသခံပညာတတ် တက္ကသိုလ်ဆရာတစ်ယောက်ပဲဖြစ်ပါတယ်။
သူ့စကားက ကျွန်မကို ကမ္ဘာကျော် တွေ့ရှိမှုတစ်ခုကို သတိရသွားစေတယ်။ Dignity Model လို့ခေါ်တဲ့ သိက္ခာစံပြပုံစံဆိုတဲ့ သီအိုရီတစ်ခုပါ။ ဟားဗတ်တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်နာဟစ်ခ်ဟာ ကမ္ဘာအနှံ့ကစစ်ပွဲနှင့် ပဋိပက္ခတွေကို နှစ်ပေါင်းများစွာ လေ့လာသုတေသန လုပ်ခဲ့ရင်း ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့တွေ့ရှိမှုက စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေမှာ လူတွေ အထင်ကရ ဆွေးနွေးလေ့ မရှိကြပေမယ့် တကယ့်ငြိမ်းချမ်းရေးနှင့် သဘောတူညီချက်တွေ မရရှိအောင် အဓိက အတားအဆီးဖြစ်နေတဲ့အချက်က သိက္ခာဆိုတဲ့ အချက်ပါပဲတဲ့။
လွယ်ကူတဲ့ ကိစ္စတွေကိုတောင် သဘောတူညီချက် မရနိုင်ဖြစ်နေကြတတ်တာမျိုး တွေ့ရတတ်ပါတယ်။ ဘာကြောင့်ပါလဲ။ သဘောတူလိုက်ရင်၊ လိုက်လျောလိုက်ရင် သိက္ခာကျမယ်ဆိုတဲ့ အယူအဆကြောင့်ပါပဲ။ အရှုံးပေးလိုက်ရတာ သိက္ခာကျတယ်။ အရှက်ရတယ်ဆိုတဲ့ အယူအဆမျိုးက လိုက်လျောသင့်တဲ့ သဘောတူညီချက်မျိုးကိုတောင် မလိုက်လျောဖြစ်အောင် တင်းခံစေပါတယ်။

မိမိကို အထင်သေးတာ၊ အဖက်မတန်သလို လုပ်တာ ခံရပြီဆိုရင် ဘယ်လောက် သင့်တင့်မျှတတဲ့ ကမ်းလှမ်းချက်မျိုးကိုမဆိုပယ်ချဖို့၊ ဖျက်လိုဖျက်ဆီးလုပ်ဖို့ ဝန်မလေးတတ်ပါဘူး။ ဒီ အချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အတားအဆီးဖြစ်စေ ပါတယ်လို့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေ၊ နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ အနှစ် ၂၀ လောက် ပါဝင်လာခဲ့ရင်းမှ သတိထားမိခဲ့ပါတယ် လို့ ဒေါက်တာဒေါ်နာက ဖော်ထုတ်ခဲ့ပါတယ်။
ဒီအချက်က မှန်ကန်တယ်ဆိုတာကို လက်ရှိ မြန်မာ့တပ်မ တော်နဲ့ အေအေရဲ့ တင်းမာမှုကို အစကတည်းက စောင့်ကြည့်နေ ခဲ့တဲ့ ကျွန်မရဲ့ကောက်ချက်တွေက သက်သေထူပါတယ်။ လက်ရှိမြန်မာ့တပ်မတော်နဲ့ အေအေရဲ့ တိုက်ပွဲတွေဟာ တစ်ဖက်ရဲ့ သိက္ခာနဲ့ မာနကို တစ်ဖက်က ထိပါးမိကြလို့ ပိုမိုပြင်းထန်လာတာလို့ လွတ်လပ်စွာ ပြောပါရစေ။ သယံဇာတခွဲဝေမှု၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ဘယ်က အစပျိုးပါ သလဲ။ နိုင်ငံရေးစင်မြင့်မှာ၊ ငြိမ်းချမ်းရေးစကားဝိုင်းမှာ သူတို့ အသံကို အရေးမထားဘူး၊ သူတို့ရဲ့ ဖြစ်တည်မှုကို အလေးမထား ဘူးဆိုတဲ့ ခံစားချက်က အစပြုပါတယ်။ ဒီနေရာမှာ သိက္ခာစံပြု ပုံစံကိုသာ ဆွေးနွေးလိုတာ ဖြစ်တဲ့အတွက် ဖြစ်ရပ်လေ့လာမှုကို စာဖတ်သူ ဆက်လက်တွေးဆနိုင်ဖို့ ချန်ထားခဲ့ပါရစေ။
သိက္ခာ
သိက္ခာ (Dignity) ဆိုတာ လူသားတိုင်း မွေးကတည်းက ပါလာတဲ့အရာလို့ ဆိုပါတယ်။ မာနလို့ ဆိုဆို၊ အတ္တလို့ ပြောပြော၊ သိက္ခာလို့ပဲ အမည်တပ်တပ်၊ လူတိုင်းဟာ မိမိကိုယ်ကိုယ် တန်ဖိုး ထားမှု၊ လေးစားမှုနဲ့ ဆက်ဆံခြင်းကို ခံယူလိုကြပါတယ်။ လူတိုင်း ဟာ လေးစားမှု၊ တန်ဖိုးထားမှု၊ အရေးတယူ ဆက်ဆံမှုကို ခံယူ သင့်ပါတယ်။
လေးစားမှု
ရောထွေးလေ့ရှိတဲ့ အချက်က သိက္ခာနဲ့ လေးစားမှုပါ။ သိက္ခာကတော့ လူသားတိုင်းဟာ မွေးကတည်းက လူသားဂုဏ် သိက္ခာဆိုတာ ပါလာပြီးသား ဖြစ်ပါတယ်။ လေးစားမှုကတော့ ကြိုးစားရယူရတာ ဖြစ်ပါတယ်။ လူသားတိုင်းဟာ လူသားဂုဏ် သိက္ခာရှိပါတယ်။ ဒါပေမဲ့ လူသားဖြစ်ရုံနဲ့တော့ လေးစားမှု မခံရနိုင်ပါဘူး။ လူအများ လေးစားမှု ခံယူရရှိဖို့ကတော့ လေးစားလောက်တဲ့ အရည်အချင်း ကြိုးစားမှုရှိရပါတယ်။
သိက္ခာကို ထိပါးခံရပြီဆိုရင် လေးစားမှုကို ရယူဖို့ အကြမ်း ဖက်နည်းရော အကြမ်းမဖက်နည်းကိုပါ အသုံးပြုပြီး တိုက်ခိုက် တတ်ကြပါတယ်။ ဒီအချက်နှစ်ခုကို ကွဲပြားပြီဆိုရင် ဂုဏ်သိက္ခာ လို့ ဆိုရာမှာ ဘယ်လိုအချက်တွေ ပါဝင်သလဲလို့ ဆွေးနွေးချင်ပါတယ်။
ကိုယ်ပိုင်အမှတ်လက္ခဏာ ဖြစ်တည်မှု (Indentity) ကိုလက်ခံခြင်း၊ အသိအမှတ်ပြုခြင်း။ ။ လူကြီး၊ လူငယ်၊ ယောကျာ်း၊ မိန်းမ မည်သူမဆို သူတို့ရဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာကို အသိအမှတ်ပြု စေချင်ပါတယ်။ မိမိရဲ့ ဖြစ်တည်မှု အမှတ်လက္ခဏာကို နှိမ့်ချတာ၊ ဥပေက္ခာပြုတာဟာ သိက္ခာကို စော်ကားတာပါပဲ။
လုပ်ဆောင်မှုကို အသိအမှတ်ပြုခြင်း။ ။ မိမိကြိုးစားအားထုတ်မှု၊ ပြီးမြောက်အောင်မြင်မှု၊ အတွေးအခေါ်ကောင်းမှု၊ အကူအညီပေး မှု စတဲ့ မည်မျှပင် သေးငယ်တဲ့ အားထုတ်လုပ်ဆောင်မှုမျိုးကို မဆို အသိအမှတ်ပြုခံချင်ပါတယ်။ ဆံပင်ပုံစံ ပြောင်းထားတာကို သတိမထားမိလို့ စိတ်ကောက်တဲ့ သူမျိုး တွေ့ ဖူးပါသလား။ ဟင်း ကောင်းကောင်းချက်ထားတာကို သတိမထားမိလို့ စိတ်မကောင်း ဖြစ်တဲ့ အမေ စသဖြင့် ကြုံဖူးကြမှာပါ။ မင်းကြီးမဟာဗန္ဓုလ ဖြစ်လာမယ့် ငရစ်ဟာ အိမ်ရှေ့မင်းက သတိထားမိစေဖို့ ညီလာခံမှာ အနီးက ခစားနေသူ ရဲမက်ကို တံတောင်းနဲ့ ထထောင်းခဲ့တယ်ဆိုတာသိကြမယ် ထင်ပါတယ်။ ငါ့ကို ဟဲ့၊ ငရစ်လို့ အခေါ်ခံရရင် သေပျော်ပြီလို့ ဆိုပါတယ်။ အသက်နဲ့ ရင်းပြီး အိမ်ရှေ့မင်း အသိ အမှတ်ပြုခံရအောင် လုပ်ခဲ့တာပါ။
အလေးထားခြင်း။ ။ လူတစ်ယောက် စကားပြောနေစဉ်မှာ တခြားကို ငေးနေတာ၊ အာရုံမစိုက်တာမျိုးဟာ အဲဒီလူရဲ့ စိတ် နှလုံးကို ထိခိုက်စေပါတယ်။ ဥပမာတစ်ခု ပေးရမယ်ဆိုရင် ကိုယ့်ရဲ့ အထက်လူကြီးကို မိမိသူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ် ဆိုပါစို့။ အဲဒီအချိန်မှာ ကိုယ့်မိတ်ဆွေကို အထက်လူကြီးက မျက်လုံးတစ်ချက်သာ ဝေ့ကြည့်ပြီး ထွက်သွားမယ်ဆိုရင် သင်ဘယ်လို ခံစားရမယ် ထင်ပါသလဲ။ ဒါမှမဟုတ် သင်အထူးတလည် စဉ်းစားထားတဲ့ အိုင်ဒီယာတစ်ခုကို တခြားတစ်ယောက်ကို ပြောပြတယ် ဆိုပါစို့။ သူငယ်ချင်းက ဖုန်းကိုပဲ အာရုံစိုက်နေတယ်ဆိုရင် သင်ဘယ်လို ခံစားရပါသလဲ။ ဒါမျိုးကို ဆိုလိုတာပါ။
အသိုင်းအဝိုင်းထဲက ပါဝင်ခွင့်။ ။ မိသားစု၊ အသင်းအဖွဲ့၊ ရပ်ရွာ အသိုင်းအဝိုင်း၊ အဖွဲ့အစည်း အဆင့်တိုင်းမှာ ပါဝင်တဲ့ လူတွေ အားလုံးကို ငါတို့ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်စေရပါတယ်။ ဒါ ငါ့ မိသားစု၊ ငါ့အဖွဲ့အစည်း၊ ငါ့နိုင်ငံ၊ ငါ့လူမျိုးဆိုတဲ့ အယူအဆဟာ အင်မတန်အားကောင်းတဲ့ ချည်နှောင်မှု ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ကနေ ဖယ်ထုတ်ခြင်းဟာ လူတစ် ယောက်ရဲ့ သိက္ခာကို ထိခိုက်စေတဲ့ အပြုအမူပါပဲ။ သာကီဝင်မင်း မျိုးတွေ မျိုးတုန်းအောင် အသတ်ခံရတာ ဝိဋဒူပမင်းသားကို ငါတို့ သာကီဝင်မင်းမျိုး မဟုတ်ဘူး၊ ကျွန်မနဲ့ ရတဲ့ သား ဆိုပြီး မင်းသား ထိုင်ခဲ့တဲ့ နေရာကို နွားနို့နဲ့ ဆေးရာက ရန်ငြိုးထားပြီး မျိုးပြုတ်အောင် လူသတ်ပွဲကြီး စခဲ့တာ ဖြစ်ပါတယ်။
လုံခြုံမှု။ ။ လူသားတွေမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ရုပ်ပိုင်းဆိုင် ရာလုံခြုံမှုဆိုပြီး အပိုင်းနှစ်ပိုင်း ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု က ထင်သာမြင်သာ ရှိပေမယ့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကတော့ သိနိုင်ဖို့ ခဲယဉ်းပါတယ်။ စိတ်လုံခြုံမှု မခံစားရတော့ဘူးဆိုရင် ပဋိပက္ခဖြစ်ဖို့ အစပျိုးလာတာပါပဲ။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ခံစား ရစေဖို့ကတော့ ရှက်ရွံ့မှု၊ ကြောက်ရွံ့ မှု မရှိဘဲ ပြောဆိုခွင့်ရှိတာ၊ ပါဝင်လုပ်ဆောင်ခွင့် ရှိတာမျိုးကို ဆိုလိုတာပါ။
တရားမျှတမှု။ ။ အခြေအနေတစ်ခုမှာ တရားမျှတမှုကို မရဘူး ဆိုတဲ့ အဖြစ်မျိုး ကြုံဖူးပါသလား။ မိသားစုတွင်း ကိစ္စမှသည် ရပ်ရေးရွာရေးအထိ မိမိအတွက် တရားမျှတမှုကို မရဘူးလို့ ယူဆ ရတဲ့ အဖြစ်အပျက်မျိုးဟာ လူသားတွေကို စိတ်နာကျင်စေတဲ့ ဒဏ်ရာ ဖြစ်စေပါတယ်။

အထက်ပါ အချက်ကလေးတွေကို ကြည့်မယ်ဆိုရင် ကျွန်မ တို့ လူသားတွေ နေ့စဉ် အလွယ်တကူ ကျူးလွန်မိနေတဲ့ ကိစ္စမျိုး တွေ ဖြစ်နေတယ်ဆိုတာ သတိထားမိမှာပါ။ သို့သော် သမိုင်းတွေ၊ ပုံပြင်ဒဏ္ဍာရီတွေထဲက ကမ္ဘာကျော် စစ်ပွဲကြီးတွေကို ပြန်ကြည့် ရအောင်ပါ။ သိက္ခာအတွက် တိုက်တဲ့ စစ်ပွဲတွေဟာ ဟိုးအလယ် ခေတ်ကပင် ယနေ့အထိ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲ တွေ၊ နိုင်ငံရေးပါတီတွင်း အဖွဲ့အစည်းအတွင်းက အကွဲအပြဲတွေ အားလုံးရဲ့ အစဟာ ကြီးမားတဲ့ နိုင်ငံရေး၊ သယံဇာတအရေးတွေ မဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ သိက္ခာကို ထိခိုက်မိရာကနေ အဖွဲ့အစည်းတစ်ခုလုံးကို စော်ကားတယ်ဆိုတဲ့ အက်ကြောင်းကြီး ဖြစ်လာတာပါပဲ။ ဒါကိုတော့ အကွဲအပြဲနှင့် စစ်ပွဲပဋိပက္ခတွေကို အတွင်းကျကျ လေ့လာကြည့်သူတိုင်း သတိထားမိပါလိမ့်မယ်။
ဒါဆို ဘယ်လိုကုစားနိုင်မလဲတဲ့။
ကုစားဖို့ နည်းလမ်းကလည်း သိပ်ကို လွယ်ကူပါတယ်။ သို့ သော် လုပ်ဖို့ ခက်ပါတယ်။ တာဝန်ယူမှုပါပဲ။
လူတစ်ယောက်ရဲ့ သိက္ခာကို ထိပါးမိပြီဆိုရင် ထိပါးမိ ကြောင်း အသိအမှတ်ပြုပါတဲ့။ တစ်ဖက်သားရဲ့ နာကျင်မှု၊ စိတ် ထိခိုက်မှုကို အသိအမှတ်ပြုပါ။
မိမိကြောင့် တစ်ဖက်သား နစ်နာ၊ ထိခိုက်တာကို တောင်းပန်ပါ။
အသိအမှတ်မပြုဘဲနဲ့ တစ်ဖက်သားကို ဘယ်လို တောင်းပန်နိုင်မှာလဲ။
ခွင့်လွှတ်ဖို့ အဆင်သင့် ပြင်ထားပါတယ် ဆိုရင်တောင်မှ မတောင်းပန်ရင် ခွင့်လွှတ်ပါတယ်လို့ ဘယ်လို ပြောရမှာလဲ။ ခွင့်မလွှတ်ဘဲနဲ့ ဘယ်လို ယုံကြည်မှု တည်ဆောက်နိုင်ပါမလဲ။
ယုံကြည်မှု မရှိဘဲနဲ့ ဘယ်လို အတူတကွ ယှဉ်တွဲ နေထိုင်နိုင်ပါမလဲ။ အတူတကွ အလုပ်လုပ်နိုင်ပါမလဲ။ ပဋိပက္ခဖြေရှင်းတဲ့ နည်းလမ်းဟာ အဲဒီလောက် ရိုးစင်းပါတယ်။
ဒါပေမဲ့ တစ်ဖက်သားရဲ့ ထိခိုက်နစ်နာမှုကို အသိအမှတ်မပြု ချင်တဲ့စိတ်၊ ထိခိုက်နစ်နာစေခဲ့တာ မှားပါတယ် ဆိုတဲ့ စိတ်၊ တောင်းပန်ချင်တဲ့ စိတ်၊ ဒါတွေ မရှိဘူးဆိုရင် ဘယ်လောက်သေး ငယ်တဲ့ ကိစ္စ ဖြစ်ပါစေ ကြီးမားတဲ့ ပဋိပက္ခကြီးကို ဖြစ်ပွားစေပါ တယ်။ ဖြစ်ပွားပြီးနောက်မှာ ပြေငြိမ်းဖို့ ခက်ခဲပါတယ်။ လူ့အသက်ပေါင်းများစွာ၊ အိုးစိမ်စည်းစိမ်ပေါင်းများစွာ၊ အချိန်၊ ငွေကြေး၊ သယံဇာတများစွာ ဆုံးရှုံးရပါတယ်။
ဟုတ်၊ မဟုတ် ဆိုတာကို မိမိပတ်ဝန်းကျင်က သို့မဟုတ် မိမိကိုယ်တိုင်ရဲ့ အဖြစ်အပျက်တွေကို သေသေချာချာ ပြန်လည် စဉ်းစားကြည့်စေချင်ပါတယ်။
#mawkun #magazine #chronicle #essay #zar_chi_nyein #dignity #indentity

