ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၉ (မော်ကွန်း)
လောက်ကိုင်မြို့မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သူတို့ရဲ့ Wechat လူမှုကွန်ရက်စာမျက်နှာကနေ မနေ့ကရက်စွဲနဲ့ အသိပေး ထုတ်ပြန်ထားပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လုံခြုံရေးအရ စိတ်မချရတဲ့အတွက် တရုတ်နိုင်ငံသားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့ ကြေညာထားတာပါ။
လွန်ခဲ့တဲ့ လေးရက်တည်းက အရပ်သားတွေ အမြန်ဆုံးထွက်ကြဖို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ အသိပေးဖော်ပြနေပြီး အဲ့ဒီရက်ပိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လောက်ကိုင်ကနေ ထွက်ခွာနေကြတာပါ။
မြန်မာနိုင်ငံသားတွေရော တရုတ်နိုင်ငံသားတွေပါ မနေ့က နောက်ဆုံးထားပြီး လောက်ကိုင်ကနေ ထွက်ခွာနေကြပြီလို့လည်း အဲ့ဒီကနေ ယခုရက်ပိုင်းအတွင်း ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။
“၂၈ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာတွေ အားလုံးထွက်ကြတယ်။ တရုတ်တွေတော့ ကျန်တဲ့သူတွေလည်း ကျန်သေးတယ်။ ကျွန်တော်တို့ သူဌေးတရုတ်ကတော့ သုံးလေးရက်ကပဲ ထွက်သွားပြီ။ ကျွန်တော်တို့လည်း မနေ့က ထွက်လာနေပြီ” လို့ အဲ့ဒီ မြန်မာရွှေ့ပြောင်းအလုပ်သမားက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြားမှာ ကားစင်းလုံးစုငှားပြီး ထွက်ခွာကြတာတွေရှိသလို မြို့အနီးက စစ်ရှောင်စခန်းကို လမ်းလျှောက်ထွက်ခွါကြသူတွေလည်းရှိတယ်လို့လည်း ၎င်းကပြောပါတယ်။
လောက်ကိုင်မြို့ကို ထိုးစစ်ဆင်ပြီး သိမ်းပိုက်ထားတဲ့ MNDAA ကတော့ မြို့ပေါ်မှာရှိတဲ့ ပြည်သူ့စစ်စခန်းတွေ အားလုံးကို သိမ်းပိုက်ထားပြီး မြို့ရဲ့ ၇၀ ရာခိုင်နှုန်းထိ ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်က MNDAA သိမ်းပိုက်ထားတဲ့ လောက်ကိုင်မြို့က နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
လောက်ကိုင်မြို့တွင်းကို MNDAA က ထိန်းချုပ်ထားပေမယ့် မြို့ရဲ့အရှေ့မြောက်ဘက် တာရွှေထန်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်ရင်းတစ်ခုဖြစ်တဲ့ လောက်ကိုင်(ဒကစ) ဌာနချုပ်အပါအဝင် တပ်စခန်း နှစ်ခုခန့် ကျန်ရှိနေပါသေးတယ်။
အဲ့ဒီတာရွှေထန်ဒေသကို MNDAA တပ်တွေ ဝိုင်းရံပိတ်ဆို့ကာ တိုက်ခိုက်ဖို့ပြင်ဆင်နေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာဖွယ်ရှိနေပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့တွေ ရှမ်းမြောက်ဒေသမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လပြည့်တဲ့ ကာလအတွင်းမှာတော့ MNDAA ဟာ တရုတ်နိုင်ငံ နယ်စပ်က ကွမ်းလုံ၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ လောက်ကိုင် စတဲ့ဒေသတွေကို သိမ်းပိုက်ထိန်းချုပ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ကိုယ်စားလှယ်တွေ ယခုလ ၂၂ ရက်ကနေ ၂၄ ရက်ထိ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြပေမယ့် သဘောတူညီမှု မရခဲ့ဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။
ပုံစာ – လောက်ကိုင်ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ ကိုးကန့်တပ်များ
ဓာတ်ပုံ – The Kokang

