အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှအား ဆွီဒင်နိုင်ငံအခြေစိုက် Civil Rights Defenders အဖွဲ့က ယခုနှစ်အတွက် Civil Rights Defender of the Year Award ဆိုကို ပေးအပ်လိုက်ကြောင်း ယနေ့ ကြေညာသည်။
ယင်းအဖွဲ့၏ ကြေညာချက်တွင် နော်အုန်းလှမှ ရရှိခဲ့ခြင်းမှာ သူ၏ နှစ်(၃၀)ကျော်ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ အဓိကရုဏ်းများ၊ တိုင်းရင်းသားများနှင့် လူမျိုးရေးခွဲခြားမှုများ၊ စနစ်တကျ အကွက်ချ ဖိနှိပ်မှုများ၊ နှိပ်ကွပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်များမှ တရားမျှတမှု ပေါ်ပေါက်လာစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာစေရေးအတွက် လှုပ်ရှားရုန်းကန် ကြိုးစားခဲ့သည်များကို အသိအမှတ်ပြုခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်ပါသည်ဟု ဖော်ပြထားသည်။
ဆုရရှိသူ နော်အုန်းလှက “ဖိနှိပ်ခံတွေအတွက် ကူညီပေးနေတာကို ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာကို အန်တီတို့ သိရတဲ့အတွက် အားရှိတယ်။ ဒီထက်မက ပိုလုပ်ရဦးမယ်ဆိုတာ အန်တီတို့ ယုံကြည်တယ်။ အန်တီတို့ နိုင်ငံဟာ အခုချိန်အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတုန်းဖြစ်တဲ့အတွက် အန်တီတို့ ဆက်လက်ကြိုးစားလုပ်ဆောင်ရဦးမယ်”ဟု ပြောသည်။
နော်အုန်းလှသည် လက်ရှိတွင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်နေသူဖြစ်ပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးဝန်ကြီးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
နိုင်ငံသားအခွင့်အရေးများအတွက် ကာကွယ်လှုပ်ရှားသူဆုသည် နိုင်ငံသားများနှင့် နိုင်ငံရေးအခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်သည့် လုပ်ငန်းများတွင် အများနှင့်မတူ ထူးခြားစွာ လုပ်ဆောင်ခဲ့သော လုပ်ငန်းများအပေါ်တွင် ပေးအပ်ချီးမြင့်သည့်ဆုဖြစ်သည်။
#Dailynews

