လားရှိုးမှာ ဒုဗိုလ်မှူးကြီးတစ်ဦးပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးရာကျော် လက်နက်ချ

လားရှိုးမှာ ဒုဗိုလ်မှူးကြီးတစ်ဦးပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးရာကျော် လက်နက်ချ

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၃ (မော်ကွန်း)

MNDAA က ထိုးစစ်ဆင်နေတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်ကာ စစ်ကောင်စီတပ်သား ၃၀၀ ကျော် လက်နက်ချအလင်းဝင်ခဲ့တယ်လို့ MNDAA ရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ The Kokang က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီအလင်းဝင်လာသူတွေဟာ ဘယ်တပ်မကလည်းဆိုတာ ဖော်ပြထားခြင်းမရှိပေမယ့် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒုဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်ပြီး ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး ငါးဦးနဲ့ တပ်သားပေါင်း ၃၁၇ ဦးလက်နက်ချအလင်းဝင်ခဲ့တာလို့ MNDAA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယခုလ ၂၁ ရက် မနက်ပိုင်းမှာ MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ဖို့ မဟာမိတ်တပ်ဖွဲ့မှာ ပါဝင်လိုတယ်လို့ ထုတ်ဖော်ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေကို MNDAA နိုင်ငံရေးဌာနရဲ့ ရှေ့တန်းလုပ်ငန်းအဖွဲ့က လက်ခံခဲ့ပြီး အခုလို လက်နက်ချတာနဲ့ တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်လိုတဲ့ ဆန္ဒကို ကြိုဆိုကြောင်းနဲ့ လူတိုင်းရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုလည်း အာမခံချက်ပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာလည်း လောက်ကိုင်မြို့က စစ်ကောင်စီတပ်သား အများအပြား MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့ပြီး အခု ဒုတိယအကြိမ်စစ်ဆင်ရေးမှာတော့ ဒါဟာ ပထမဆုံးအကြိမ် စစ်ကောင်စီတပ်သားအများအပြား လက်နက်ချခဲ့တာပါ။

လားရှိုးမြို့ဒေသခံတစ်ဦးကတော့ ဒီနေ့မနက်ပိုင်းမှာ လားရှိုးမြို့အထွက်နားက စစ်ကောင်စီတပ်ရင်း ခလရ ၄၁ ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့တွင်းထိ တိုက်ပွဲတွေ ပြင်းထန်လာနေပြီလို့ ပြောပါတယ်။

“လားရှိုးမြို့အထွက်နားက ခလရ ၄၁ ကို မနက်ထဲကသိမ်းသွားတာ၊ ၄၁ ကျသွားပြီဆိုတော့ ၄၁ ကုန်းကနေ တစ်မြို့လုံးကို လှမ်းထုလို့ရတယ်။ အခုလားရှိုးထောင်နားထိ တိုက်ပွဲတွေ ရောက်နေပြီလို့ ပြောပါတယ်” လို့ ၎င်း လားရှိုးဒေသခံက ပြောပါတယ်။

လားရှိုးဒေသခံတချို့ရဲ့ အဆိုအရ ဒီတိုက်ပွဲတွေ မစခင်ထဲက လားရှိုးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အလင်းဝင်ဖို့ MNDAA က ကမ်းလှမ်းထားပြီး တင့်ကားနဲ့အတူ အလင်းဝင်လာသူတွေဆိုရင် ဆုကြေး ကျပ်သိန်းတစ်သောင်းထိ ချီးမြှင့်မယ်လို့ ကြေညာထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ညီနောင်မဟာမိတ်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းအဖြစ် ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့ လားရှိုးမြို့ကို ဝန်းရံပိတ်ဆို့ထားတဲ့ MNDAA တပ်တွေဟာ ယခုလ ၄ ရက်မှာ မြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းတွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သီတင်းပတ်နှစ်ပတ်ကျော် ကာလအတွင်းမှာပဲ မြို့တွင်းထိ ထိုးဖောက်ဝင်ရောက်လာတာပါ။

ပုံစာ – လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – ကိုးကန့်မီဒီယာ

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."