ရှမ်းပြည်နယ်(မြောက်ပိုင်း)-၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနဲ့ မူဆယ်မြို့ပေါ်မှာ တိုက်ပွဲတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ သုံးဆနီးပါးမြင့်တက်သွားပြီး အလုအယက်ဝယ်ယူကြတာကြောင့် ဆိုင်တချို့ပါ ပိတ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။
“မနေ့က သွားဝယ်တာ၊ ကြက်ဥတစ်ကတ်ကို နှစ်သောင်းဖြစ်သွားပြီ။ ဒါတောင် အလုအယက်ဝယ်ရတာ။ တချို့နေရာတွေမှာဆို ဝယ်လို့ကိုမရတော့ဘူး။ ဈေးဝယ်တဲ့သူတွေအများကြီးပဲ။ ဆန်ဆီကအစ အကုန်ဈေးတွေတက်တာ။ ၁၀၅ မိုင်ကလည်း တိုက်ပွဲတွေဖြစ်နေတော့ ကုန်ကားတွေမဝင်တော့ဘူး။ မြို့ထဲက ဆိုင်တွေလည်း အတော်များများပိတ်သွားကြပြီ” လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့ပေါ်မှာ ဆန်တစ်ပြည်ကို တစ်သောင်းခွဲနှစ်သောင်းဝန်းကျင်၊ ကြက်တစ်ကောင်ကို နှစ်သောင်းခွဲကနေ သုံးသောင်း၊ ကန်စွန်းရွက်တစ်စည်းကို တစ်ထောင်အထိဈေးတွေမြင့်တက်နေသလို အခြားလူသုံးကုန်ပစ္စည်းတွေလည်း နှစ်ဆနီးပါး ဈေးတက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
လားရှိုးမြို့ပေါ်မှာလည်း တိုက်ပွဲတွေကြောင့် ဆိုင်အများစု ပိတ်ထားကြပြီး အခြေခံစားသောက်ကုန်ဈေးတွေတက်သွားတယ်လို့ လားရှိုးမြို့ခံတစ်ဦးကပြောပါတယ်။
“လူတွေက ကြောက်လန့်ပြီး အလုအယက်တွေဝယ်ကုန်တော့ ဈေးတွေတက်သွားတာ။ တိုက်ပွဲတွေကလည်း ဖြစ်နေတော့ ဘယ်မှသွားမရဘူး” လို့ သူကပြောပါတယ်။
မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေဟာ အခုလ ၂၇ ရက်ကစလို့ ရှမ်းမြောက်ဒေသကို ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
မနေ့က မနက်ပိုင်းကလည်း လားရှိုး-မူဆယ်လမ်းပေါ်က နမ္မတူချောင်းတံတားဖောက်ခွဲခံရပြီး ပျက်စီးသွားတဲ့အပြင် သိန္နီတိုးဂိတ်အတက်နဲ့ ကွမ်းလုံလမ်းခွဲ လမ်းမကြီးတွေကို မြေတူးပြီး လမ်းပိတ်ထားတာကြောင့် ကုန်ကားတွေလည်း သွားလာလို့မရတော့ဘူးလို့ ကုန်ကားသမားတွေဆီက သိရပါတယ်။
ပုံစာ-ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ကားများ
Photo – Supplied

