ရန်ကုန် – ၂၀၂၃ မတ် ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်းမှာ ရွာလုံးကျွတ်မီးလိုက်ရှို့နေတဲ့စစ်ကောင်စီဟာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆွေးနွေးပွဲကို မုံရွာမြို့မှာတိုင်းမီးသတ်ဦးစီးဌာနနဲ့သစ်တောဦးစီးဌာနတို့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆွေးနွေးပွဲနဲ့မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲကို ယခုလ ၁ ရက်က စစ်ကိုင်းတိုင်းမုံရွာမြို့မှာပြုလုပ်ခဲ့တာလို့ ဒီနေ့ထုတ် စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။
မီးသတ်ဦးစီးဌာနအနေနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်ပစ္စည်းတွေ၊နိုင်ငံအတွင်းရှိကုန်ထုတ်အရင်းအနှီးတွေကို မီးဘေးအန္တရာယ်ကနေကာကွယ်တားဆီးဖို့နဲ့သဘာ၀ဘေးအန္တရာယ်အပါအ၀င် တခြားဘေးအန္တရာယ်တွေ ကျရောက်ရင်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတာဝန်ယူဆောင်ရွက်နေတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှုးက အထက်ပါဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။
ဒီပြောဆိုမှုဟာလက်တွေ့မြေပြင်အခြေနေနဲ့ကွာခြားနေပြီး လက်ရှိ စစ်ကိုင်းတိုင်းအတွင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်းထိုး
ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေကဆက်တိုက်မြင့်တက်နေတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကုန်ပိုင်းမှာ စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်အတွင်းရှိ မိရိုးဖလာရက်ကန်းလုပ်ကိုင်တဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီး လူနေအိမ်တွေနဲ့ရက်ကန်းရုံရာချီ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းချိန်ကနေ ယခုနှစ်ဇန်နဝါရီလလယ်ထိ နိုင်ငံတဝှန်းမီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်၊အဆောက်အဦစုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းအတွင်းမှာဖြစ်ပေါ်ခဲ့ပြီး နေအိမ်၊အ ဆောက်အဦလေးသောင်းသုံးထောင်ကျော်ထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar)ရဲ့ထုတ်ပြန်ချက်မှာ ဖာ်ပြထားပါတယ်။
#Dailynews

