ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၄ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းက ရွာငံ-အောင်ပန်းလမ်းပိုင်း၊ ရွာငံမြို့အထွက်က စစ်ဆေးရေးဂိတ်မှာ တိုက်ပွဲဖြစ်တာကြောင့် ဒီညနေ ပိုင်းအထိ ခရီးသွားကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ကိုယ်တိုင်ကြုံလာခဲ့ရသူတွေနဲ့ ဒေသခံတချို့က ပြောပါတယ်။
ပိတ်မိနေတဲ့ကားတွေထဲမှာ အများစုက တောင်ကြီးတန်ဆောင်တိုက် မီးပုံးပျံပွဲတော်ကို လာတဲ့ကား အများစုလို့ ဒေသခံ တချို့က ပြောပါတယ်။ အဲဒီလမ်းပိုင်းဟာ မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ-ရပ်စောက်-အောင်ပန်း-ရွှေညောင်-တောင်ကြီးအထိ သွားလို့ရတဲ့ လမ်းပိုင်းပါ။
“ရွာငံအဝင်ပဲ။ သိပ်မလိုတော့ဘူး။ အဲဒီမှာ သေနတ်သံတွေ ကြားတော့ ကားတွေအကုန် လမ်းဘေးရပ်ပြီး စောင့်နေကြတာပဲ။ ဘာကို လာပစ်လဲတော့ မသိဘူး။ ဒီနားမှာတော့ ရွာငံအဝင် စစ်ဆေးရေးဂိတ်၊ ရဲကင်းဂိတ်လိုဟာမျိုး ရှိတယ်” လို့ ခရီးသွား တစ်ဦးက ပြောပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်က ကျေးရွာအများစုနဲ့ မြို့ပေါ်တွေကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားတာ ဖြစ်ပြီး ဒီဒေသမှာ ရွာငံ-PDF (ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) နဲ့ NUG လက်အောက်ခံ ရှမ်းတောင်-PDF တပ် တချို့ လှုပ်ရှားနေတာပါ။ စက်တင်ဘာလ တုန်းကလည်း ရပ်စောက်မြို့နယ်ထဲက DPLA နဲ့ PDF တပ်စခန်းတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ – ဒီနေ့မွန်းလွဲပိုင်းက ရွာငံမြို့အဝင်မှာ အိမ်စီးကားတချို့ ပိတ်နေတဲ့ မြင်ကွင်း
ဓါတ်ပုံ – KN

