အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၁ (မော်ကွန်း)
သတင်းသမားများအတွက် အကူအညီပေးရေး ရန်ပုံငွေနည်းပါးလာခြင်းကြောင့် အကူအညီပေးခြင်းကို ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ယနေ့ညနေတွင် ကြေညာသည်။
“COVID ကာလမှာ သုံးစွဲခဲ့တဲ့ Amount က ကျွန်တော်တို့ တိုင်းတာတဲ့ ပမာဏထက် ကျော်လွန်တာမို့ ဘတ်ဂျက် မနိုင်တဲ့အတွက် အဲဒါကို ခေတ္တယာယီရပ်နားမယ့်အကြောင်း မနက်က အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက COVID – 19 ကပ်ရောဂါကာလအတွင်း သတင်းအလုပ်နှင့် ဆက်စပ်သွားလာလုပ်ကိုင်စဉ် ကူးစက်ခံရပြီး အတည်ပြုလူနာအဖြစ် သတ်မှတ်ခံရသည့် သတင်းသမားများ၊ Home Quarantine သို့မဟုတ် Facility Quarantine Center များတွင် အသွားအလာကန့်သတ်ခြင်းခံနေရသည့် သတင်းမီဒီယာသမားများအား အထောက်အပံ့ပေးရေး အသိပေး ကြေညာချက်ကို စက်တင်ဘာလ ၁၃ ရက် တွင် ကြေညာခဲ့သည်။
စက်တင်ဘာလ ၁၆ ရက်မှ စက်တင်ဘာလ ၂၁ ရက်အထိ သတင်းသမား စုစုပေါင်း ၈၇ ဦးကို ဆက်သွယ်၍ အကူအညီပေးခဲ့ကြောင်း ဦးကျော်စွာမင်းက ပြောသည်။
အဆိုပါ သတင်းသမားများတွင် ပိုးတွေ့ရှိသူအဖြစ် အတည်ပြုခံရသူ သုံးဦး၊ Facility Quarantine ဝင်ရသူ ၃၃ ဦး နှင့် Home Quarantine ဝင်ရသူ ၅၁ ဦး ဖြစ်ပြီး ငွေကျပ် ၁၂၃ သိန်း ကူညီခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်စွာမင်းက ရှင်းပြသည်။
“ပထမတော့ ကျွန်တော်တို့ရဲ့ ကောင်စီက သီးသန့်ရန်ပုံငွေပါ၊ နောက်ကျ တော့ သဘာဝဘေးအန္တရာယ်အတွက် ရန်ပုံငွေရှိတယ်၊ အဲဒီထဲကနေ ကျွန်တော်တို့ ပံ့ပိုးပေးတာပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် COVID – 19 ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ကုန်ပစ္စည်း များကိုလည်း သတင်းသမားစုစုပေါင်း ၂၀၇ ဦးကို ငါးကြိမ်ခွဲ၍ ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဇွန်လအတွင်း သတင်းမီဒီယာတိုက်များသို့ Face Masks သွားရောက်လှူဒါန်းနေသည်ကို တွေ့ရစဉ်
ဓာတ်ပုံ – Myanmar Press Council (Facebook)
#Dailynews

