ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းဇင်ရွာကို ဒီကနေ့မနက်ပိုင်းက အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။
နေအိမ်သုံးလုံးမီးလောင်ပျက်စီးခဲ့ပြီး သွပ်မိုးအိမ်နှစ်လုံးနဲ့ တဲအိမ်တစ်လုံးဖြစ်တယ်လို့ ကျေးရွာနေသူတစ်ဦးကပြောပါတယ်။
“စစ်ကြောင်းထိုးတာ အင်အားက များလား၊ နည်းလားဆိုတာ ထောင်ပြီးတော့ကို သွားမကြည့်ရဲတာ၊ သွားကြည့်ရင် ဓါးစာခံဆိုပြီးပါပါသွားလို့လေ၊ နှစ်ဆယ်ကျော်လောက်တော့ကြားတယ်”လို့ ကျေးရွာခံကပြောပါတယ်။
စစ်ကြောင်းတွေ ခဏ၊ ခဏထိုးနေတာကြောင့် နေ့ရောညပါ ရွာမှာမနေရဲတော့ဘဲ လုံခြုံမယ်လို့ထင်တဲ့နေရာတွေမှာ ပုန်းအောင်းပြီးနေထိုင်နေကြရတယ်လို့ သူကပြောပါတယ်။
ဒီနေ့ ထန်းဇင်ကိုလာရောက်မီးရှို့ကြတဲ့သူတွေဟာ ပျူစောထီးရွာဖြစ်တဲ့ ဘန့်ဘွေးရွာကနေထွက်လာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ ပျူတွေလို့ သူကပြောပါတယ်။
Data For Myanmar ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ ၂၀၂၁ မေလကနေ ၂၀၂၃ ဇန်နဝါရီထိ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မီးရှို့၊ ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ နေအိမ် ၄၃,၀၀၀ ကျော်အနည်းဆုံး ပျက်စီးခဲ့ရပါတယ်။
ပုံစာ – ယနေ့မီးရှို့ခံရသောနေအိမ်များ
ဓါတ်ပုံ – မော်ကွန်း
#Dailynews

