ယင်းမာပင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်

ယင်းမာပင်-၂၀၂၃ စက်တင်ဘာ ၇ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းမှာ သစ်ခိုးထုတ်နေတဲ့ အင်အားတစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ မနေ့က မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၅ ယောက်ကျော် ထိခိုက်ကျဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ Union Liberation Front ULF တပ်ပေါင်းစုက ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က မော်ကွန်းကို အတည်ပြုပြောပါတယ်။

“သူတို့(စစ်ကောင်စီတပ်)ရှေ့ပြေးကင်းပေါ့ဗျာ။ ကျွန်တော်တို့ ULF တပ်ပေါင်းစုနဲ့ ယင်းမာပင်မြို့နယ် ကျောက်ကုန်းရွာအနီးမှာတွေ့တာ။ တိုက်ပွဲဖြစ်တဲ့အချိန်က မနက် ၈ နာရီလောက်မှာဖြစ်တာ။ ကြာချိန်ကနှစ်နာရီလောက်ကြာမယ်။ စစ်ကောင်စီဘက်က လေးကောင်ကတော့ မျက်မြင်ကိုယ်တွေ့ တွေ့ရပြီးတော့ နောက်ထပ်ငါးကောင်လည်း ထပ်ကျတယ်လို့ တပ်တွင်းသတင်းအရ ကျွန်တော်တို့ သိရှိရပါတယ်။ နောက်ထပ်ခြောက်ကောင်လည်း စိုးရိမ်ရတဲ့ ဒဏ်ရာအခြေအနေနဲ့ ဆေးရုံတင်ထားတယ်လို့ သိရပါတယ်” လို့ ကိုဂျော်ဒန်က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိနာတာကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခကနေ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ လေးကြိမ်ပစ်ကူပေးခဲ့ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“ကျွန်တော်တို့ တပ်ပေါင်းစုဘက်ကတော့ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး။ ဆေးကုသမှုပေးပြီး သူတို့ကို နားနားနေနေနေခိုင်းထားပါတယ်။ အားလုံးအဆင်ပြေပါတယ်ဗျ။ MA 2 တစ်လက်နဲ့ MA 1 နှစ်လက်ရရှိပါတယ်။ နောက်ပြီး ကျည်ဘောက်က ၁၇ ဘောက်၊ သိမ်းဆည်းရမိကျည်က 5.56 ကျည် ၄၀၀၊ ဖုန်းတစ်လုံးနဲ့ အိုင်ကွန်(ဆက်သွယ်ရေးဆက်)တစ်လုံးရရှိပါတယ်” လို့ ကိုဂျော်ဒန်က ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းရန်ကြောင့် ဒေသခံတွေဟာ ကြိုတင်ထွက်ပြေးနေရလို့ တိုက်ပွဲဖြစ်ချိန်မှာ ဒေသခံထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သူကပြောပါတယ်။

အဲဒီတိုက်ပွဲကို ULF တပ်ပေါင်းစု၊ နဂါးညီနောင်တပ်ဖွဲ့၊ ချိုမိုင်မိုင်၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး၊ ကျောက်လုံးကြီးတပ်မဟာအပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့အများအပြား ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ယင်းမာပင်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေဟာ မကြာခဏစစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၀ ကျော်က သောင်းချီတဲ့ ဒေသခံတွေထွက်ပြေးနေရပြီး စားနပ်ရိက္ခာအကူအညီတွေလည်းလိုအပ်နေတယ်လို့ ယင်းမာပင်ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခုခံတော်လှန်ရေးအားကောင်းတဲ့စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အသီးသီးကကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးနေပြီး ရွာတွေကိုမီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေဖမ်းဆီးသတ်ဖြတ်တာနဲ့ တန်ဖိုးကြီးပစ္စည်းတွေယူဆောင်တာမျိုးတွေ မကြာခဏလုပ်ဆောင်နေတယ်လို့ စစ်ကိုင်းဒေသခံတွေရဲ့ပြောပြချက်တွေအရ သိရပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံအနှံ့ လက်နက်ကိုင်တိုက်ပွဲပေါင်း တစ်သောင်းကျော်ဖြစ်ပွားခဲ့ပြီး အခုနှစ် နှစ်ဆန်းပိုင်းအတွင်း တိုက်ပွဲပေါင်း နှစ်ထောင်ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ-စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များ
Video- ULF တပ်ပေါင်းစု


#Dailynews


"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."