ယင်းမာပင်-၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ ဒီရက်ပိုင်း သည်းထန်စွာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် အနှံထွက်စ စပါးခင်းတွေ လဲပြိုကာ ရေမြုပ်ပျက်စီးကုန်ပြီး ဒီနှစ်စပါးအထွက်နှုန်းလျော့ကျမှာကို စိုးရိမ်တယ်လို့ အဲဒီက စပါးစိုက်တောင်သူတချို့က မော်ကွန်းကို ပြောပါတယ်။
” မိုးရွာတာက သုံးရက်ကြာပြီဗျ။ နိုဝင်ဘာ ၅ရက်က စရွာတာ။ မိုးရွာတာနဲ့ လေနည်းနည်းတိုက်တာရောကြောင့် စပါးပင် အနှံထွက်ချိန်နဲ့ တိုက်ဆိုင်တော့ လဲကုန်တယ်ဗျ။ အနှံရင့်မှည့်ချိန်ဆိုရင် ကိစ္စမရှိဘူး။ အခုက နို့ရည်ခဲချိန်လို့ခေါ်တာပေါ့နော်။ အနှံစထွက်ချိန်မှာလဲတော့ အနှံအောင်ဖို့ မသေချာတော့ဘူး” လို့ ယင်းမာပင်မြို့နယ်ထဲက လယ်သမား ဦးခင်က ပြောပါတယ်။
ဒီလို ကြုံရတဲ့အတွက် စပါးအထွက်နှုန်းလည်း ထိုးကျသွားဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။ သူတို့ ဒေသမှာ ရာသီဥတုမှန်ရင် တစ်ဧကကို စပါး တင်း ၈၀ ဝန်းကျင်ထွက်ပေမယ့် ဒီနှစ်မှာတော့ တင်း ၆၀ ခန့်သာ ထွက်နိုင်တော့မယ်လို့ သူက ခန့်မှန်းပါတယ်။
အဲဒီဒေသတွေမှာ စပါးတင်သာမက အခြားယာသီးနှံပင်တွေလည်း စိုက်ပျိုးကြပြီး ဒီနှစ်ကြုံရတဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် အဆုံးအရှုံး များစွာကြုံရတယ်လို့ တောင်သူတချို့က ဆိုပါတယ်။
“ ဒီနှစ်ပိုင်း ဆုံးရှုံးမှုများတယ်။ ပြီးခဲ့တဲ့ ၁၀ လပိုင်းကလည်း ကြက်သွန်မျိုးတွေ ပျိုးပြီးချိန်မှာ ရွာသွားတော့ ပျိုးပင်ပေါက် ပျက်စီးခဲ့တယ်။ နောက်ပြီး မိုးကြက်သွန် စိုက်ပြီးသူတွေလည်း ပျက်တယ်။ မစိုက်ရတဲ့တောင်သူတွေအတွက်လည်း နောက်ကျနေပြီ။ ခုချိန်အထိ မစိုက်ရသေးဘူးဗျ။ စိုက်ပျိုးရေးစရိတ်၊ စိုက်ပျိုးရေးဆေး၊ မြေဆီစရိတ်တွေ ကြီးမြင့်တဲ့အပြင် ရာသီဥတုကြောင့်ပါ ကျွန်တော်တို့တောင်သူတွေ အဆင်မပြေမှုတွေ ပိုပြီး ကြုံတွေ့နေရတယ်” လို့ ဆားလင်းကြီးမြို့နယ်က တောင်သူ ဦးကိုကိုလွင်က ပြောပါတယ်။
ယင်းမာပင်ခရိုင်ထဲမှာ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲနဲ့ ကနီမြို့နယ်တွေ ပါဝင်ပြီး အဲဒီဒေသတွေမှာ စပါး၊ နှမ်း၊ မြေပဲ အပြင် အခြားသီးနှံတွေ စိုက်ပျိုးကြတာပါ။
ဒီနှစ်မှာ ကြုံရတဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းတွေ ပျက်စီးကြရသလို စစ်ပွဲကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို အားမစိုက်နိုင်ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်ရတာတွေ ရှိတယ်လို့ တောင်သူ တချို့က ဆိုပါတယ်။
ပဋိပက္ခလေ့လာတဲ့ ISP-Myanmar အဖွဲ့ရဲ့ အဆိုအရ ဒီနှစ် ဇူလိုင်ကနေ စက်တင်ဘာအထိ ရေကြီးရေလျှံမှုတွေကြောင့် နိုင်ငံတစ်ဝန်းက မြေဧက ၁၀ သန်းနီးပါး ရေနစ်မြုပ်ခဲ့ရပြီး အဲဒီအထဲမှာ ရှစ်သန်းက စိုက်ပျိုးမြေတွေလို့ ဖော်ပြပါတယ်။

ပုံစာ- မိုးများလို့ ကျိုးကျခွေစိုက်သွားတဲ့ ယင်းမာပင်မြို့နယ်က စပါးခင်းတချို့။
ဓါတ်ပုံ- မော်ကွန်း။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

