ယင်းမာပင် – ၂၀၂၃ အောက်တိုဘာ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမှုတွေ တောက်လျှောက်ရှိနေပြီး မိုးတွေလည်းရွာသွန်းနေတာကြောင့် စစ်ရှောင်တွေ ရာသီတုပ်ကွေးတွေဖြစ်နေကြပါတယ်။
ရွာပေါင်း ၁၅ ရွာလောက်က ဒေသခံ ၁၃,၀၀၀ ကျော်ဟာ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသကူညီကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်သူတွေဆီက သိရပါတယ်။
“စစ်ကြောင်းထိုးတာ တပတ်ကျော်ကျော်ကြာပြီ။ ကျွန်တော်တို့နယ်မြေတွင်းပဲ စစ်ကြောင်းကပြန်ထိုးနေတာ။ ၁၄ .၁၀.၂၃ ကတည်းကပြောပါတော့။ ၁၉ ရက်နေ့က ယင်းမာပင်မြို့ထဲပြန်ဝင်သွားတာ။ နှစ်ညအိပ်ပြီး ရွာစဥ်ပြန်ပြီးစစ်ကြောင်းထိုးပြန်ရော”လို့ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
လတ်တလောမှာ ရာသီတုပ်ကွေးနဲ့ ဖျားနာနေသူတွေများပြားနေပါတယ်။
“လတ်တလော မုန်တိုင်းအဖျားခက်တာကြောင့် မိုးတွေရွာနေတယ်။ ရာသီတုပ်ကွေး၊ နှာစေး၊ချောင်းဆိုး၊ မျက်စိနာရောဂါတွေဖြစ်နေကြတယ်။ တစ်နေရာတည်း စုနေတာမဟုတ်တော့ ဆေးဝါးအခက်ခဲ၊ ဆေးကုသမှုအခက်ခဲတွေလည်းရှိတယ်” လို့ ဒေသတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်ကပြောပါတယ်။
ဒေသတွင်း ကျန်းမာရေးအထောက်အကူပြုအဖွဲ့တစ်ဖွဲ့ကတော့ ရာသီတုပ်ကွေး၊ ဖျားနာမှုတွေတင်မကဘဲ ကလေးငယ်တွေပါ မျက်စိနာနေကြတာတွေ့ခဲ့ရပေမယ့် ရန်ပုံငွေအခက်အခဲကြောင့် မကူညီနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
“ိတ်မကောင်းဖြစ်ပေးရုံပဲတတ်နိုင်ခဲ့တာဗျာ” လို့ အဆိုပါအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးတာကြောင့် ယင်းမာပင်မြို့နယ်က ပေါက်သဖ၊ နံ့သာကုန်း၊ လက်ပံတန်း၊ အင်း၊ သဲကုန်း၊ သာစည်၊ ရွှေလှံ၊ မန်းကျည်းကုန်း၊ ဆုံရွာ၊ ကြိုးကြာဝင်း၊ မင်းမကုန်း၊ အောက်ငါးနန်း၊ အထက်ငါးနန်းရွာတွေနဲ့ ပုလဲမြို့နယ် ပိတောက်ကုန်းစတဲ့ကျေးရွာတွေ တိမ်းရှောင်နေကြရပါတယ်။
ပုံစာ – ယင်းမာပင်နယ်အတွင်း ယခုလ ၂၃ ရက်က စစ်ရှောင်နေရသည့် မြင်ကွင်း။
ဓါတ်ပုံ – Mawkun Magazine

