မိုးကုတ်-၂၀၂၅ ဧပြီ ၁၇ (မော်ကွန်း)
ပတ္တမြားမြေလို့ ကျော်ကြားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းမှာရှိတဲ့ သဲကျေးရွာ အုပ်စု၊ ကဆုတ်ကျေးရွာကို စစ်ကောင်စီ လေတပ်က ဒီနေ့မနက် ၁၀ နာရီ ၈မိနစ်အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” ကဆုတ်ရွာ ပတ်ဝန်းကျင် လေကြောင်းတိုက်ခိုက်ခံရလို့ လူနေအိမ်တစ်လုံး အနည်းငယ်ထိခိုက်ပျက်စီးတာရှိပါတယ်၊ လူမထိပါ”လို့ မြေပြင်မှာ ကိုယ်တိုင်သွားကြည့်ခဲ့သူမြို့ခံတစ်ဦးက ပြောပါတယ်။
ဗုံးက ကဆုတ်ရွာက လက်ဖက်ခြံအနီးကို ကျတာကြောင့် နေအိမ်ပျက်စီးမှုရှိခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်း၊ ပင့်ကူတောင် အောက်ခြေက ကျောက်တွင်း လုပ်ကွက်နေရာကိုလည်း ဒီလ ၆ရက်က လေကြောင်း ဗုံးကြဲခံခဲ့ပေမယ့် အဲဒီတုန်းကလည်း လူထိခိုက်မှုမရှိခဲ့ပါဘူး။
သယံဇာတပေါကြွယ်တဲ့ မိုးကုတ်ဒေသကို တအာင်းတပ်(TNLA) နဲ့ မဟာမိတ်တွေက စစ်ကောင်စီထံကနေ သိမ်းယူထားကာ ထိန်းချုပ်လည်ပတ်နေတာ ဖြစ်ပါတယ်။
ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သွားတဲ့နေအိမ်။
ဓါတ်ပုံ- ပေးပို့

