မိုးကုတ် – ၂၀၂၂ ဇူလိုင် ၃ (မော်ကွန်း)
မန္တလေးတိုင်းမိုးကုတ်မြို့အဝင် ကျောက်ဖား စစ်ဆေးရေးဂိတ်မှာ အာဏာသိမ်းစစ်တပ်က မြို့ထဲဝင်သူတွေကို သူတို့ဆီက ဖမ်းဝရမ်းစာရင်းတွေနဲ့တိုက်စစ်ပြီး ရိုက်နှက်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဝရမ်းစာရင်းထဲပါဝင်နေတဲ့ သူတွေနဲ့ ရုပ်ဆင်တူသူဆိုရင် ပိုစစ်ဆေးခံရပြီး လက်ကိုင်ဖုန်းထဲက Facebook ၊ VPN တွေကိုစစ်ဆေးတဲ့အပြင် ဓာတ်ပုံတွေထဲမှာ လက်နက်ကိုင်ဆောင်ထားသူပုံပါရင်လည်း ရိုက်နှက်စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံက ပြောပါတယ်။
“မနေ့ကတော့ လူတစ်ယောက်ကို ခေါင်းကို စွပ်ပြီး ကားပေါ်တင်ခေါ်သွားတာတွေ့တယ်၊ အဲ့အချိန်တခြားတယောက်ကိုလည်း တုတ်ကို ကိုယ်တိုင်ကောက်ခိုင်းပြီး မှောက်ခိုင်းပြီးရိုက်တာ၊ တုတ်တောင်ကျိုးတယ် “လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရိုက်နှက်ခံရသူဟာ ဖုန်းထဲမှာ လက်နက်ကိုင်ဆောင်ထားသူပုံတွေ့တာကြောင့် ရိုက်နှက်ခံရတာဖြစ်ပြီး အခြားသူပုံဖြစ်နေတဲ့အတွက် ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။
လက်နက်ကိုင်ဆောင်ပုံတွေနဲ့ VPN သုံးသူတွေကို မှတ်လောက်အောင်ဆုံးမရမယ်လို့ဆိုကာ စစ်ဆေးကြောင်း စစ်ဆေးခံရသူတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်က ရပ်ကွက်တွေအတွင်းမှာလည်း အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တွေလိုက်လံစစ်ဆေးတာတွေပါလုပ်ဆောင်နေတယ်လို့မြို့ခံတွေကပြောပါတယ်။
#Dailynews

