စည်သူ
ရန်ကုန်-၂၀၂၀ စက်တင်ဘာ ၁၈ (မော်ကွန်း)
စံချိန်တင်မိုးရွာသွန်းမှုနဲ့ကြုံရပြီးနောက် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် မြေပြိုမှုများဖြစ်ပွားခဲ့တဲ့အတွက် လူ ၁၂၀ ကျော် ဘေးသင့်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်ရုံးက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက မော်ကွန်းကို ပြောပါတယ်။
မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၆ရက်က ရွာသွန်းခဲ့တဲ့မိုးဟာ မိုးရေချိန်လက်မ ၆ဒသမ၆ ကျော်အထိ ရှိခဲ့ပြီး ကုန်ခဲ့တဲ့ ၂၇ နှစ်အတွင်းမှာ အမြင့်ဆုံးရွာသွန်းနှုန်းလည်း ဖြစ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
“ မြေပြိုတာတွေ ဖြစ်သွားတာပါ။ ကျွန်မတို့ကတော့ အိမ်ပျက်သွားတဲ့သူတွေ အတွက် သေဆုံးသွားတဲ့သူတွေ အတွက် ထောက်ပံ့ ပေးထားတယ်”လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
ဒီမိုးကြောင့် မြေပြိုကျမှုတွေ ဖြစ်ခဲ့တဲ့အတွက် မိုးကုတ်မြို့မှာ နေအိမ်လေးလုံးပြိုကာ သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင်လူလေးဦးလည်း သေဆုံးခဲ့တာပါ။
မိုးကုတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်နိုင်ကတော့ နှစ်ရက်ဆက် တိုက်ရွာတဲ့ မိုးကြောင့် ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီနေ့တော့ မိုးမရွာတော့ပါဘူး။ ဒါပေမဲ့ မိုးနှစ်ရက်ဆက် ရွာလိုက်တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိတာပေါ့။ လမ်းတွေ ဘာတွေပိတ်နေတဲ့ မြေကြီးတွေကို အခု ဆယ်နေတယ်။ ချိူင့်ဖြစ်နေတဲ့ဟာတွေကို သွာလို့ လာလို့ အဆင်ပြေအောင်လုပ်နေပါတယ်။ တစ်ချို့ အိမ်ပျက်စီးသွားတဲ့လူတွေကိုတော့ နီးစပ်ရာ ဘုန်းကြီးကျောင်း မှာတော့ ထားတာပါတယ်” လို့ သူက ပြောပါတယ်။
ပုံစာ – မိုးကုတ်မြို့တွင် စက်တင်ဘာ ၁၆ရက်က မိုးသည်းထန်စွာ ရွာသွန်းနေမှု
photo: Naing Gan Kyaw Facebook
#Dailynews

