မန္တလေး – ၂၀၂၁ အောက်တိုဘာ ၂ (မော်ကွန်း)
ဒီကနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းတိုက်နယ်ထဲမှာ ဆန္ဒပြနေတဲ့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းလို့ သံဃာတော် ၆ ပါး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။
“ဆန္ဒပြနေတဲ့ သံဃာတော်တွေကို ကားနဲ့တိုက်ဖမ်းတယ်လို့လည်းပြောတယ်။ အထိအခိုက်တော့ မသိရသေးဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
သံဃာတော်တွေကို လာရောက်ဖမ်းဆီးစဥ် စစ်ကောင်စီတပ်ဖွဲ့အင်အားအများအပြားလိုက်ပါလာပြီး အရပ်ဝတ်တွေနဲ့လည်း ပါဝင်ကြောင်း မြို့ခံတွေက ဆိုပါတယ်။
စက်တင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ကင်းဝန်မင်းကြီးကျောင်းတိုက်ကိုအရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်သားတွေ ဝင်ရောက် စီးနင်းပြီး သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ဆရာတော် ဦးပညာသီဟကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဆရာတော်ရဲ့ကားကိုပါ သိမ်းယူသွားခဲ့ပါတယ်။
အဲဒီနေ့မှာပဲ မန္တလေးမြို့တွင်းက မဟာဝိဇိတာရာမတိုက်နဲ့ တေဇာလင်္ကါရကျောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ဆရာတော်နှစ်ပါးနဲ့ လူ နှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျောင်းတိုက်တွေထဲမှာရှိတဲ့ ကားနှစ်စီးနဲ့ ဆိုင်ကယ်လေးစီးကိုပါ သိမ်းယူသွားကြောင်း သံဃသမဂ္ဂအဖွဲ့က မိန့်ကြားထားပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် စိတ္တသုခပတ္တမြားကျောင်းတိုက်ကိုလည်းဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပါသေးတယ်။
ပုံစာ – အောက်တိုဘာလ ၁ ရက်နေ့က မန္တလေးသံဃသမဂ္ဂအဖွဲ့က သံဃာတော်များ ဆန္ဒပြနေစဥ်။
ဓါတ်ပုံ-Simulation
#Dailynews

