ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၂၄ (မော်ကွန်း)
ကချင်ပြည်နယ် ဗန်းမော်-မံစီ လမ်းပိုင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဝင်တိုက်နေတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။
မံစီမြို့မှာရှိတဲ့ မြို့ခံတပ်ရင်း ဌာနချုပ်သုံးခုကို ဒီနေ့မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဒီမနက် ရှစ်နာရီခွဲလောက်ကပြီး မံစီဘက်က လက်နက်ကြီးတောက်လျှောက်ပစ်တယ်။ ဗန်းမော်မြို့ပေါ်မှာလည်း လက်နက်ကြီးတွေကျတယ်။ အရင်ကတော့ မံစီဘက်က မတိုက်သေးဘဲဝိုင်းထားတဲ့ တပ်ရင်းတွေကို အခုဒီရက်မှာဝင်တိုက်နေတာပေါ့” လို့ ၎င်းသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိ ဗန်းမော်စစ်မျက်နှာပြင်မှာ စစ်ကောင်စီက ဗန်းမော်မြို့မှာရှိတဲ့ စကခ (၂၁) ဌာနချုပ်ကနေ လက်နက်ကြီးပစ်ကူပေးကာ တိုက်ခိုက်နေပြီး KIA တပ်တွေကလည်း ဗန်းမော်မြို့တွင်း ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ကာကင်းတွေ၊ ကင်းပုန်းစခန်းတွေကို တိုက်ခိုက်နေတယ်လို့ စစ်ရေးသုံးသပ်ချက်တွေကို ရေးသားနေတဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့လပိုင်းမှာစတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIA တပ်တွေဟာ ဗန်းမော်မြို့ပေါ်ထိ ထိုးဖောက်ဝင်ရောက်လာပြီး မြို့ပေါ်တိုက်ပွဲတွေဖြစ်လာတာပါ။
ဒါ့အပြင် KIA အနေနဲ့ ဗန်းမော်မြို့က စစ်ကောင်စီတပ်ရင်းတွေ လက်နက်ချအညံ့ခံဖို့လည်း အသိပေးထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတချို့က ဆိုပါတယ်။
ပြီးခဲ့တဲ့လ ၄ ရက်ကစပြီး ဗန်းမော်နဲ့ မံစီကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA တပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲသုံးပတ်ကျော်ကြာလာတဲ့ ကာလအတွင်း ဗန်းမော်မြို့ပေါ်က စစ်ကောင်စီတပ်စွဲနေရာအများအပြားကို သိမ်းဆည်းရရှိထားတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့ပေါ်က နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သလို အရပ်သားထိခိုက်သေဆုံးမှုတွေလည်း အများအပြားရှိလာပြီး မြို့ပေါ်မှာ ပိတ်မိနေတဲ့ အရပ်သားတွေလည်း ထောင်နဲ့ချီပြီး ရှိနေပါသေးတယ်။
ဒီနှစ် မတ်လဆန်းပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေဟာ ကချင်ပြည်နယ်ထဲက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ဒီထိုးစစ်ကာလအတွင်း တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ လွယ်ဂျယ်၊ ပန်ဝါ၊ ကန်ပိုက်တီးမြို့တွေအပါအဝင် ကချင်အထူးဒေသ (၁) တစ်ခုလုံးကို သိမ်းယူနိုင်ပြီး စစ်ကောင်စီတပ်စခန်း ရာနဲ့ချီပြီး KIA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့ပါတယ်။
ပုံစာ – ဗန်းမော်ကို ချီတက်လာတဲ့ KIA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – ကချင်တောင်တန်း Telegram

