ရန်ကုန်-၂၀၂၅ ဇွန် ၂၆ (မော်ကွန်း)
ပဲခူးတိုင်း၊ စစ်တောင်းမြစ်အရှေ့ခြမ်းမှာရှိတဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို ‘စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး ’ အဖြစ် ဒီနေ့တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်းသေခဲ့သလို သုံ့ပန်း ၂၀ ကျော် မိခဲ့ပြီး အများအပြား ထွက်ပြေးသွားကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၈ လက်နဲ့အတူ အခြားပစ္စည်းအများအပြားသိမ်းဆည်းရမိတယ်လို့ ဓါတ်ပုံနဲ့တကွဖော်ပြပါတယ်။
ဒီစစ်ဆင်ရေးကို NUG၊ အမှတ်(၂) စစ်ဒေသခွဲ(JOC)ရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေး နယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
မနေ့တုန်းကလည်း NUG လက်အောက်ခံတပ်တွေနဲ့ KNLA တပ်တွေပေါင်းပြီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပဲခူးတိုင်းအတွင်းထဲက စစ်ကောင်စီဂိတ် ကိုးခုကို ဝင်တိုက်တာကြောင့် စစ်ကောင်စီတပ်သား ၂၀ ကျော်သေပြီး သုံးဦးမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းမိခဲ့ကြပါသေးတယ်။

ပုံစာ- ကျောက်ကြီးမြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားတချို့။
ဓါတ်ပုံ- NUG

