ပုလဲ- ၂၀၂၄ နိုဝင်ဘာ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က စစ်ကောင်စီအခြေစိုက်စခန်းတွေကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဘက်အထိခိုက်မှု အများအပြားရှိနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီနေ့မနက် လေးနာရီခွဲဝန်းကျင်ကစတင်တဲ့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က အထိနာနေပြီး လေကြောင်းပစ်ကူပေးနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီနေ့လယ်ပိုင်းအထိ တော်လှန်ရေးတပ်တွေဘက်က သုံးယောက်ကျဆုံးထားပြီး ရှစ်ယောက်ဒဏ်ရာရထားကာ တိုက်ပွဲလည်း မပြီးသေးဘူးလို့ ပြောပြပါတယ်။
” လေကြောင်းလာကူတာက နေ့လယ် ၁း၃၀ အချိန်အထိ ငါးကြိမ်ရှိပြီ။ ပုလဲမြို့ထဲကို တစ်ကြိမ်ပစ်တယ်။ မော်ဒယ်စားသောက်ဆိုင်က မိသားစုလိုက် သေဆုံးတယ်။ ဘယ်နှယောက်ရယ်တော့ အတည်မပြုနိုင်သေးဘူး။ မြဂုံးရွာ အနောက်ဘက်ကို နှစ်ကြိမ်ပစ်တယ်။ အထိခိုက်တော့မသိရသေးဘူး။ တိုက်ပွဲတွင်း လက်နက်ကြီးစထိမှန်ပြီး ရဲဘော်သုံးယောက်ကျတယ်။ ရှစ်ယောက်ဒဏ်ရာရတယ်ဗျ။ အလောင်းကတော့ တစ်ယောက်ပဲ ကောက်ရသေးတယ်။ ပြည်သူတွေကိုလည်း မကောက်နိုင်သေးဘူး။ လေကြောင်းက ဆက်တိုက်လာပစ်နေတာ” လို့ တိုက်ပွဲနဲ့ နီးစပ်တဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဒီမြို့တွင်း တိုက်ပွဲကြောင့် ပုလဲမြို့ဝန်းကျင်ကျေးရွာတွေကဒေသခံတွေ ဘေးလွတ်ရာကိုစစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။
အဲဒီမြို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်တုန်းကလည်း တော်လှန်ရေးတပ်တွေ ဝင်းသိမ်းဖူးပြီ နှစ်နာရီလောက် ကြာပြီးနောက် စစ်ကောင်စီထံ ပြန်ပေးခဲ့ရဖူးပါတယ်။
BNRA တပ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ယခင်က မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ရဲ့ ဦးဆောင်သူ ဗိုလ်နဂါးဦးစီးတဲ့တပ်ဖွဲ့ ဖြစ်ပါတယ်။
BNRA တပ်ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်ထားပြီး တပ်ရင်း နှစ်ခုဟာ ကိုးကန့်တပ်(MNDAA) သိမ်းထားတဲ့ လားရှိုးမှာ ရှိနေတယ်လို့ ပဋိပက္ခစောင့်ကြည့်တဲ့ ISP Myanmar က ဖော်ပြပါတယ်။
ပုံစာ- စစ်ကိုင်းတိုင်းက ပုလဲမြို့။
ဓါတ်ပုံ- Google

