ပုလဲ- ၂၀၂၄ နိုဝင်ဘာ ၁၇(မော်ကွန်း)
စစ်ကိုင်းတိုင်းက ပုလဲမြို့ကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က မြို့ထဲနဲ့ မြို့အနီးက ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့မှာဆိုရင် ပုလဲမြို့အနောက်ပိုင်း၊ ပါရမီရပ်ကွက်က တွင်ခုံလုပ်ငန်းတွေကို မီးတင်ရှို့နေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကူရောက်ရှိလာတဲ့စစ်ကြောင်းဟာ ဘုတလင်နယ်ဘက်မှာ ကျေးရွာတွေကို မီးရှို့၊ ဒေသခံတွေကိုသတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတချို့ကလည်း ပြောပါတယ်။
” မြို့သိမ်းတိုက်ပွဲအပြီး ပုလဲမြို့ ပတ်ချာလည်ရွာတွေက ပြည်သူတွေ စိုးရိမ်ကြောက်လန့်ပြီး ရှောင်တိမ်းနေရတယ်ဗျ။ နိုဝင်ဘာ ၁၄ ရက်က မုံရွာ(နမခ)က စစ်ကူလာတဲ့ စစ်အုပ်စုအင်အား ၈၀ ကျော်က ဘုတလင်မြို့နယ်ထဲမှာ လူသတ်၊ မီးရှို့ခဲ့တဲ့စစ်ကြောင်းလို့ သတင်းကကြားထားတော့ ပြည်သူတွေ ပိုထိတ်လန့်နေကြတာ။ အခုလည်း အလယ်ဘုံနဲ့ မြကုန်းရွာတွေကို မီးရှို့ပြီးပြီလေ။ ဘယ်ရွာဝင်ပြီး ဆက်မီးရှို့မလဲလို့ စောင့်ကြည့်နေရတယ်” လို့ ပုလဲမြို့နယ်အတွင်းမှာ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဒီရွာတွေက ပုလဲမြို့အနီးမှာရှိတဲ့ရွာတွေ ဖြစ်သလို ပုလဲမြို့ပေါ်က နေအိမ်တချို့ကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့နေ တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လေးရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် မြို့ကို ပြန်လည်ထိန်းချုပ်ပြီးတဲ့အခါ မြို့ကထွက်ပြေးသွားတဲ့ အရပ်သားတွေကို ပြန်ဝင်လာကြဖို့နဲ့ နေအိမ်ပြန်မလာသူတွေရဲ့ နေအိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီဘက်က သတင်းလွှင့်တဲ့အတွက် စစ်ဘေးရှောင်တချို့ အရဲစွန့်ပြန်ဝင်ကြသူတွေလည်း ရှိနေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)နဲ့ မဟာမိတ်တွေရဲ့ ဒီလ ၁၁ ရက်ကနေ ၁၄ ရက်အထိ ကြာတဲ့ မြို့သိမ်းစစ်ဆင်ရေးကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့သေဆုံးခဲ့ကာ ၂၅ ဦးကို သုံ့ပန်းအဖြစ် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က ၁၀ ဦးထက် မနည်းကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲကြောင့် ပုလဲမြို့ပေါ်နဲ့ မြကုန်း၊ အေးကုန်း၊ အလယ်ဘုံ၊ ဇောင်ဂျမ်းကုန်း၊ မန်ကျည်းခွ၊ ကုက္ကိုကုန်း၊ ကျွန်းဘိုကုန်း၊ ညောင်ကုန်း၊ ဖိုကုန်း၊ ရွာသာ၊ လိန်ကုန်း၊ ရွာထင်၊ ကြိုးကြာဥ၊ ရိုး(တောင်)၊ ရိုး(မြောက်)၊ နွယ်ရှောက်၊ လက်ပုကန်၊ မင်းတိုင်ပင်၊ ကြောင်သန်း၊ စေတီရုံ နဲ့ ကံကြီးစတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က အရပ်သား ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတချို့က ပြောပါတယ်။
ပုံစာ- ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦး။
ဓါတ်ပုံ- တော်လှန်ရေးရဲဘော်တစ်ဦး။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

