ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၂၈ (မော်ကွန်း)
စစ်ရေးအရှိန်ပိုပြင်းထန်လာတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်ဟာ သုံးဒသမလေးသန်းရှိလာပြီး အရပ်သားသေဆုံးမှုတွေမြင့်တက်နေကာ လူသားချင်းစာနာမှုအကူအညီ အခြေအနေဆိုးဝါးနေဆဲပဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်ပါတယ်။
“ လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးနဲ့ တပ်မတော်တို့အကြားက ပဋိပက္ခဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ပြင်းထန်လာခဲ့ပြီးနောက်မှာ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၅ ခုရဲ့ ၁၂ ခုဟာ တိုက်ပွဲဒဏ်ကို ခံနေရပါတယ်” လို့ UNOCHA က ထုတ်ပြန်ပါတယ်။ ဒါက အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်စစ်ရှုံးစေခဲ့တဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေရဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ နောက်ပိုင်း နိုင်ငံတစ်ဝန်းပဋိပက္ခအရှိန်ပိုမြင့်လာတယ်လို့ ဆိုလိုတာပါ။
မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ UNOCHA ရဲ့ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ သုံးလပတ်အစီရင်ခံစာမှာ ဖော်ပြချက်အရ အရှိန်မြင့်နေတဲ့ ပဋိပက္ခကြောင့် လူဦးရေ ၁၈ ဒသမ ၆ သန်းဟာ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားသုံးဦးမှာ တစ်ဦးဟာ အကူအညီလိုအပ်နေတယ်လို့ ဆိုလိုတာပါ။
အဲဒီအထဲက လူဦးရေ ငါးဒသမသုံးသန်းကို အရေးပေါ်အကူအညီပေးဖို့ ရည်ရွယ်ပေမယ့် နိုင်ငံတစ်ဝန်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက သုံးသန်းဝန်းကျင်ကိုသာ မလုံမလောက် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ UNOCHA က ဖော်ပြပါတယ်။
မြန်မာမှာ ဒီနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီပေးဖို့ လိုအပ်တဲ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး (၉၉၄သန်း) ရှိပေမယ့် စက်တင်ဘာလကုန်အထိ ဒေါ်လာသန်း ၂၈၀ အထိသာရသေးလို့ မလုံမလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေရောက်ရှိဖို့ ရှုပ်ထွေးတဲ့ကန့်သတ်ချက်တွေ ဖယ်ရှားပေးရပါမယ်” လို့ UNOCHA က ဆိုပါတယ်။
စစ်ကောင်စီကတော့ သူစစ်ရှုံးခဲ့တဲ့ဒေသတွေက စစ်ဘေးဒဏ်ခံပြည်သူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ တိုက်ရိုက်ကူညီထောက်ပံ့တာကိုတားမြစ်ထားပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပေးတဲ့ အဖွဲ့အစည်းအများစုဟာ နေပြည်တော်နဲ့ရန်ကုန်မှာအခြေချပြီး စစ်ကောင်စီနဲ့ ပူးပေါင်းကာ စာနာမှုအကူအညီတွေပေးနေကြတာ ဖြစ်ပါတယ်။
ပုံစာ- စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ မိသားစုတချို့။
ဓါတ်ပုံ- UNOCHA

