ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၅ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ကျောက်စရစ်ကန်ရွာအနီးမှာ ဒီကနေ့ မနက် ၁၀:၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်တပ်သားတွေတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် မင်းဇော်ဦး ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကျောက်စရစ်ကန်ရွာဇရပ်မှာ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီးနောက် စစ်သား ၁၃ဦး ကားနဲ့ စစ်ကူလာရောက်ခဲ့တယ်လို့ပြောပါတယ်။
” ရွာဇရပ်နားကို အီနာဂါနှစ်လုံးပစ်ချလိုက်တာ၊ ခဏကြာတော့ ကားနဲ့စစ်ကူလာတော့ အသင့်စောင့်နေတဲ့ကျွန်တော်တို့အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်တာ၊ အပြန်အလှန်ပစ်ခတ်မှုကမကြာဘူး၊ ရှစ်မိနစ်လောက်ပဲရှိမယ်၊ ပျူခေါင်းဆောင် မင်းဇော်ဦးကတော့ ပခုက္ကူဆေးရုံကနေ တခြားဆေးရုံကို လွှဲထားရတယ်လို့သိရတယ်”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်သားတွေနဲ့ပျူစောထီးတွေထွက်ပြေးကြခဲ့ကြပြီး ပစ်ခတ်မှုဖြစ်တဲ့နေရာအနီးမှာ မင်းဇော်ဦးရဲ့ဖုန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ပြောပါတယ်။
ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ငါးဦးနိုဝင်ဘာ ၁ရက်နေ့က အာဏာသိမ်းစစ်တပ် တိုက်ခိုက်မှုကြောင့်ကျဆုံးသွားမှုအတွက်လက်စားချေတိုက်ခိုက်ခြင်းဖြစ်ကြောင်းမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဒီကနေ့ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#Dailynews

