ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၇ (မော်ကွန်း)
ကရင်နီပြည်နယ် ဒီးမော့ဆို-ဖရူဆို ကားလမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့နှစ်ရက်စပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီလဆန်းပိုင်းမှာ ဒီးမော့ဆို-ဖရူဆို ကားလမ်းအတိုင်း စတင်စစ်ကြောင်းထိုးလာပြီး ပြီးခဲ့တဲ့နှစ်ရက်မှာတော့ ဒီလမ်းပေါ်က ငွေတောင်ရွာသစ်အနီးမှာ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ပြန်လည်ခေါ်ဆောင်ကာ တပ်ပြန်ဆုတ်သွားတယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က အသိပေးပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လပိုင်းမှာ ကရင်နီနဲ့ ရှမ်းတောင်ပိုင်းအစပ်ဖြစ်တဲ့ မိုးဗြဲမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း ဒီးမော့ဆို-မိုးဗြဲလမ်းပိုင်းကို စတင်စစ်ကြောင်းထိုးလာပြီး နန်းမယ်ခုံ၊ ဒီးမော့ဆို မြို့တွေကို ပြန်ထိန်းချုပ်နိုင်ခဲ့ကာ ဖရူဆိုမြို့ဘက်ကို ဒီလထဲမှာ ဆက်လက်စစ်ကြောင်းထိုးလာတာပါ။
ဒီးမော့ဆိုမြို့ပြန်လည်ထိန်းချုပ်နိုင်ပြီး တစ်ပတ်ကျော်အကြာမှာ စစ်ကော်မရှင်တပ်တွေက အခုလို မြို့ပြင်ကို ထွက်ပြီးလှုပ်ရှားလာတာလို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဖရူဆိုမှာလည်း သူတို့တပ်ရင်းတွေရှိသေးတယ်။ ဒီးမော့ဆို တပ်ရင်းတွေက ဖရူဆိုဘက်ကို အားဖြည့်ဖို့သွားတယ်လို့ ယူဆထားတယ်” လို့ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်စပြီး စစ်ကော်မရှင်တပ်ဟာ ဒီလမ်းပိုင်းကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာအပြင် ဒီးမော့ဆိုမြို့အရှေ့ခြမ်းက စစ်ဘေးရှောင်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်လုပ်ဆောင်လာပါတယ်။
စစ်ကော်မရှင်ဟာ သူတို့ပြန်ပြီးထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို ဒေသခံစစ်ဘေးရှောင်တွေ ပြန်လာကြဖို့နဲ့ လွိုင်ကော်-ဒီးမော့ဆို ကားလမ်းပိုင်းကို မကြာမီပြန်လည်ဖွင့်လှစ်မယ်လို့ ထုတ်ပြန်နေပေမယ့် ဒီးမော့ဆိုမြို့ထဲကို စစ်ဘေးရှောင်အများစုက ပြန်မလာကြသေးပါဘူး။
ဒီးမော့ဆိုဒေသခံတစ်ဦးကတော့ “မြို့က မြို့ပျက်ကြီးလိုဖြစ်နေတယ်။ မြို့ရဲ့ ပတ်ပတ်လည်က တော်လှန်ရေးတပ်တွေရှိတယ်။ စစ်ရှောင်တွေကတော့ အဲဒီဘက်တွေက စစ်ဘေးရှောင်စခန်းတွေမှာပဲ အများစုရှိနေကြတယ်” လို့ ပြောပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို ဒီလ ၁၉ ရက်မှာ စစ်ကော်မရှင်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
စစ်ကော်မရှင်တပ်ဟာ ဒီလမ်းပိုင်းတစ်လျှောက် စစ်ကြောင်းထိုးရာမှာ ဒေသခံတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က အသိပေးထုတ်ပြန်ထားပြီး စစ်ကော်မရှင်တပ် စစ်ရေးလှုပ်ရှားနေတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ကြေညာထားပါတယ်။
ပုံစာ – ဒီးမော့ဆို မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – ဒီးမော့ဆို PDF

