ရန်ကုန် – ၂၀၂၅ ဇွန် ၂၀ (မော်ကွန်း)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ခပေါင်းချောင်း ရေလျှံတာကြောင့် ချောင်းကမ်းတလျှောက်ကျေးရွာတချို့ ရေနစ်မြုပ်နေပြီး ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတသူတချို့က ပြောပါတယ်။
မနေ့ကညပိုင်းကတည်းက ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် တောင်ငူမြို့နယ်ထဲကို ဖြတ်သန်းစီးဆင်းနေတဲ့ ခပေါင်းချောင်းရေဟာ ဒီနေ့မနက်ပိုင်းမှာမြင့်တက်ခဲ့ပြီး ကျေးရွာတချို့ ရေဝင်နစ်မြုပ်လာတာပါ။
ခပေါင်းချောင်းကမ်းဘေးအနီးက ကင်းဆိပ်၊ ဆင်ဆိပ်၊ စိန်ပန်းမြိုင်နဲ့ ဆင်ခြေဖုံးကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံတွေကို တောင်ငူမြို့နယ် အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရတာပါ။
တောင်ငူနဲ့ အုတ်တွင်းမြို့နယ်အနီးရှိတဲ့ ခပေါင်းရေလှောင်တမံကနေ အရှေ့ဘက်ကိုစီးဆင်းလာတဲ့ ခပေါင်းချောင်းဟာ တောင်ငူမြို့နယ်ကိုဖြတ်သန်းပြီး စစ်တောင်းမြစ်ထဲကို စီးဝင်တဲ့ ချောင်းလက်တက်တစ်ခုဖြစ်ပါတယ်။
ဒီမနက်ပိုင်းကစပြီး ဒီချောင်းအနီးက တချို့ကျေးရွာတွေမှာ ရေအမြင့် သုံးပေနီးပါးထိ ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ်နီးပါးကို ရွှေ့ပြောင်းပေးထားရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
ကျေးရွာချင်းဆက်လမ်းတချို့လည်း ရေနစ်မြုပ်နေတာကြောင့် ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ တောင်ငူမြို့နယ်အခြေစိုက် Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့ က တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“အခုအဲဒီနေရာတွေက ရေပြင်ကြီးလိုဖြစ်နေတယ်၊ ရေမြုပ်ကွင်းကြီးဖြစ်နေတယ်တာပေါ့။ အခုက ရွာချင်းဆက်လမ်းတွေ ကွန်ကရစ်လမ်းတွေတောင်မှ ရေကျော်ကျနေပြီ။ အဲဒီလမ်းတွေတောင် ရေမြုပ်ပြီး ဆိုင်ကယ်တွေတောင် သွားလို့မရတော့တဲ့ အခြေအနေရှိတယ်။ နောက်ခြောက်လက်မ၊ ခုနစ်လက်မလောက်တက်လာရင်တောင် ရွာတွေရေမြုပ်သွားနိုင်တဲ့ အခြေအနေရှိပါတယ်”
မနေ့ညပိုင်းကစပြီး ပဲခူးရိုးမအပေါ်ပိုင်းမှာ ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် တောင်ကျချောင်းရေတွေစီးဆင်းလာနေပြီး ခပေါင်းချောင်းရေ ဆက်တိုးလာနိုင်တာကြောင့် ၎င်းချောင်းကမ်းပါးအနီးကျေးရွာတွေ သတိပြုဖို့ ဒေသတွင်း ပရဟိတအဖွဲ့တွေက အသိပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုံလေ အားကောင်းနေကာ ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ မနက်ဖြန်အထိ မိုးကြီးနိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ဒီနေ့မွန်းလွဲပိုင်းမှာ အသိပေးထားပါတယ်။

ပုံစာ – ရေဘေးသင့်ဒေသခံတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာကို ကယ်ထုတ်နေတဲ့ မြင်ကွင်း
ဓါတ်ပုံ – တောင်ငူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

