ယင်းမာပင် – ၂၀၂၃ ဧပြီ ၂ (မော်ကွန်း)
မကြာသေးခင်ကမှ အရှေ့တောင်တိုင်း စစ်တိုင်းမှူးတာဝန်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မိသားစုဝင်တစ်ဦးကို ဇာတိဒေသဖြစ်တဲ့ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာက နေအိမ်မှာ အာဏာသိမ်းစစ်တပ်က ဒီကနေ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသတော်လှန်ရေးသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။
“အာဏာသိမ်းပြီးကတည်းက စုန်းချောင်းက သူ့အိမ်ကို စခတွေက တပ်စိတ်တစ်စိတ်စာ အမြဲလုံခြုံရေးယူပေးနေခဲ့တာ၊ ဒီနေ့တော့ သူ့ညီလို့ပြောတယ် လာခေါ်သွားတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ဒီကနေ့နံနက်အစောပိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ မုံရွာ) ကနေ စစ်ကားတစ်စီး ထွက်လာပြီး အာဏာသိမ်းစစ်တပ်ရဲ့ခြေပြတ်၊ လက်ပြတ်သူတွေ နေထိုင်တဲ့ အောင်ဇေယျမြို့သစ်ကိုရောက်လာကာ စုန်းချောင်းရွာကို စစ်ကြောင်းစထိုးခဲ့တာလို့ သူကပြောပါတယ်။
စစ်ကြောင်းထိုးထွက်လာတုန်းမှာ ကွေ့ချောင်းရွာနဲ့ စုန်းချောင်းက အမျိုးသားနှစ်ဦးကို ဖမ်းဆီးပြီး ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မိသားစုရှိရာ စုန်းချောင်းရွာကနေအိမ်ကို လမ်းပြခေါ်ဆောင်သွားခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။
“မြတ်သက်ဦးသေလို့ မိသားစုတွေကို လာခေါ်တာလိုလို ပြောနေကြတယ်။ စစ်တပ်အသိုင်းအဝိုင်းမို့ ဘယ်သူမှအဖက်လုပ်မဆက်ဆံကြတော့ တကယ်သေမသေဘယ်သူမှတော့ အတည်မပြုနိုင်သေးဘူး”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
ဗိုလ်ချုပ်မြတ်သက်ဦးဟာ ၂၀၂၂ ဩဂုတ်လက မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးကနေ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားကာ လေကြောင်းတိုက်ခိုက်မှုတွေခံနေရတဲ့ ကော်သူးလေပါဝင်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူးအဖြစ်ပြောင်းရွှေ့ခဲ့ရသူဖြစ်ပါတယ်။
ပြောင်းရွှေ့ခံရပြီး ခုနစ်လကျော်အကြာ ၂၀၂၃ မတ်လကုန်ပိုင်းမှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးကနေ ထပ်မံလဲလှယ်ခံရပြီး သူ့နေရာကို ရန်ကုန်တိုင်းအခြေစိုက် ခြေမြန်တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းကို စစ်တိုင်းမှူးအဆင့်တိုးကာ ချထားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၂၇ ရက်ကတော့ အာဏာသိမ်းစစ်တပ်ပြုလုပ်တဲ့ တပ်မတော်နေ့မှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးအဖြစ်နဲ့ ဗိုလ်ချုပ်မြတ်သက်ဦး ပွဲတက်ရောက်တာကို စစ်တပ်ဝါဒဖြန့် သတင်းတွေမှာ တွေ့ခဲ့ရပြီးတဲ့နောက်မှာ စစ်တိုင်းမှူး တာဝန်ကနေဖယ်ရှားခံရတာပါ။
အဲဒီနောက်မှာတော့ ဗိုလ်ချုပ်မြတ်သက်ဦးရဲ့သတင်းနဲ့ပတ်သက်လို့ ခိုင်လုံတဲ့အချက်အလက်တွေ မတွေ့ရှိရသေးပါဘူး။
ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာဟာ ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ ဇာတိရွာဖြစ်ပြီး မိဘတွေနဲ့အတူ မိသားစုဝင်တွေ ရွာမှာရှိနေဆဲဖြစ်ကာ လုံခြုံရေးအစောင့်အရှောက်နဲ့ နေထိုင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ ဖမ်းဆီးသွားတဲ့ အရပ်သားနှစ်ဦး ပြန််လွတ်လာတာမရှိသေးသလို ခေါ်ဆောင်သွားတဲ့ ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ ညီလည်း ပြန်လာတာမတွေ့ရသေးဘူးလို့ သိရပါတယ်။
ပုံစာ – ၂၀၂၃ မတ်လ ၂၇ ရက်ကတော့ အာဏာသိမ်းစစ်တပ်ပြုလုပ်တဲ့ တပ်မတော်နေ့မှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးအဖြစ်နဲ့ ဗိုလ်ချုပ်မြတ်သက်ဦးကို တွေ့ရစဉ်
ဓါတ်ပုံ – စစ်တပ်ဝါဒဖြန့် MYANMAR NATIONAL PORTAL
#Dailynews

