တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးပြီးအပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ ကပေါင်းကျကျေးရွာကိုဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရိုက်ဖျက်တာတွေပြုလုပ်ခဲ့လို့ အိမ်တော်တော်များများပျက်စီးသွားခဲ့ပြီး အရေအတွက်အတိအကျမသိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။
ကပေါင်းကျရွာကနေ စစ်ကြောင်းပြန်ခေါက်လာတဲ့ စစ်ကောင်စီတပ်ကို စီတုံးလုံးချောင်း၊ မယ်တော်ကြီးနတ်နန်းတောင်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူတွေရှိကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPCက ထုတ်ပြန်ပါတယ်။
တန့်ဆည်နယ်မြို့နယ် စင်းသင်းရွာမြောက်ဘက်၊ စိုင်ဂေါင်းချောင်းအနီး ရွှေမြောတဲတိုက်မှ ရွှေလုပ်နေသူ အရပ်သားသုံးဦးကိုလည်း သတ်ဖြတ်ပြီး အလောင်းမြေမြှုပ် ဖျောက်ဖျက်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ် တောင်ကြောင်းကျေးရွာ အနောက်ဘက် ၃၃ မိုင် ၀က်သိုက်တောအနီးကနေ အနောက်တောင်ဘက်သို့ထွက်ခွာသွားပြီး လမ်းတစ်လျှောက်က တောင်ယာတဲများကိုလည်း မီးရှို့ဖျတ်ဆီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့နယ်က ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်တွေ မကြာခဏဝင်ရောက်ဖျက်ဆီးမှုမီးရှို့မှုတွေပြုလုပ်လေ့ရှိပြီး ရွာသားခြောက်ဦးထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။
ကပေါင်းကျရွာတွင်း ပျက်စီးနေသောနေအိမ်များ
ဓါတ်ပုံ-နယ်ခံ
#Dailynews

