တောင်ကုတ်-၂၀၂၄ အောက်တိုဘာ ၂၂ ( မော်ကွန်း)
ဒီလအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နှစ်ရက်ကို အရပ်သားသုံးဦးနှုန်း သေဆုံးနေရတာကို မော်ကွန်းကပြုစုထားတဲ့ မှတ်တမ်းတွေအရတွေ့ရပါတယ်။
ဒီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ ရခိုင်ပြည်နယ်တစ်ဝှန်းမှာ လေကြောင်းကနေ စစ်ကောင်စီဗုံးကြဲတာကြောင့် အရပ်သား ၃၆ ဦး သေဆုံးခဲ့ကာ ၅၂ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ကျောက်တော်၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာမှာ အခုလို အရပ်သားသေဆုံးမှုတွေ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ တောင်ကုတ်မြို့နယ်က ခေါင်းလောင်းတူ၊ ကင်းတောင်နဲ့ တန်းလွှဲရွာမမြို့တို့ကို ဒီလအတွင်း လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့သလို မောင်တောမြို့နယ်ကို သုံးကြိမ်နဲ့ ကျောက်တော်မြို့ကို တစ်ကြိမ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“ ညဆို အိပ်မပျော်တာ ကြာပီ။ လေယာဉ်ကလည်း ညဖက်လူအိပ်ချိန်မှ လာပစ်တာဆိုတော့ လေယာဉ်ကို ကြောက်တာ တစ်မျိုး၊ သေသွားတဲ့မိသားစုဝင်တွေကို သတိရတာတစ်မျိုးနဲ့…
“ အဲဒီနေ့ကလည်း အလုပ်ပင်ပန်းပြီး အိပ်မောကျနေကြတုန်း ဗုံးက အိမ်ကိုလာကျတာ။ အခုအချိန်ထိ အဲဒီနေ့က အဖြစ်အပျက်တွေကို မျက်လုံးထဲက မထွက်ဘူး” လို့ လေကြောင်း တိုက်ခိုက်မှုနှစ်ကြိမ်ခံထားရတဲ့ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာက သေဆုံးသွားသူတချို့ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကို အမြဲလိုလိုကြုံနေရတဲ့အတွက် ရခိုင်ဒေသခံတွေဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနဲ့ ရှင်သန်နေထိုင်နေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်တစ်ဝက်လောက်ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA အနေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ နည်းပါး အောင်ကာကွယ်ဖို့ ပွဲလမ်းသဘင်တွေနဲ့ လူစုလူဝေးတွေ မပြုလုပ်ဖို့ကို ဒီလ ၈ ရက်ကစလို့ လုံးဝ ပိတ်ပင်ထားပါတယ်။
” နေ့ခင်းဘက်တွေမှာ လူစုလူဝေးတွေ မပြုလုပ်ဘဲ သတိထားနေထိုင်ကြပေမယ့် ညဘက်တွေပဲ လာပစ်နေတာဆိုတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ဘယ်လိုမှမတတ်နိုင်ဘူး။ ဒါကြောင့် AA တပ်တော်အနေနဲ့ လူစုလူဝေးမလုပ်ဖို့ သတိပေးနေရုံလောက်နဲ့ မရတော့ဘူး။ လေယာဉ်လာရင် သတိပေးတဲ့ စနစ်တွေပါ လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း ပြည်သူတွေက ဘေးကင်းမဲ့နေရာတွေဆီ ဆင်းပုန်းလို့ရမှာ။ အဲ့နည်းကပဲ အထိအရှအနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်တော့မယ်” လို့ ကျောက်တော်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
မနေ့တုန်းကလည်း မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာရှိ စစ်ဘေးရှောင်တွေ ခိုခှုံနေတဲ့နေရာကို ညဘက် တစ်နာရီ အချိန်လောက်မှာ လေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့တဲ့အတွက် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် ငါးဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့သြဂုတ်လကနေ ဒီနေ့အထိ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၈၉ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၁၃၇ ဦးထိရှိနေတာကို မော်ကွန်းက စာရင်းပြုစုထားပါတယ်။
ပုံစာ- မနေ့တုန်းက ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းရွာက အဆောက်အအုံတစ်လုံး
ဓါတ်ပုံ- ABN
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

