စစ်ကိုင်း – ၂၀၂၁ ဒီဇင်ဘာ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမိသားစုနဲ့ သတင်းပေးတွေ သုတ်သင်ရှင်းလင်းခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ညနေ ၇:၀၀ နာရီဝန်းကျင်က စစ်ကိုင်းမြို့ ပြည်တော်သာကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးအပါအဝင် ၎င်းရဲ့ဇနီးနဲ့သမီးဖြစ်သူတို့ဟာ နေအိမ်အတွင်းမှာပဲ ဓားဖြင့်ဝင်ရောက်အခုတ်ခံရကြောင်း ဒေသခံက ပြောပါတယ်။
ဇနီးဖြစ်သူသေဆုံးပြီး အုပ်ချုပ်ရေးမှူးနဲ့သမီးဖြစ်သူတို့လည်းဓားဒဏ်ရာများရရှိသွားလို့ မန္တလေးဆေးရုံကြီးပို့ကာဆေးကုသမှူခံယူနေကြောင်း ဒေသခံက ပြောပါတယ်။
“သူတို့အိမ်က လွန်ခဲ့တဲ့သုံးလလောက်ကလည်း တစ်ခါဗုံးအပစ်ခံရဖူးသေးတယ်။ အဲဒီတုန်းက ဘာမှဖြစ်မသွားဘူး။အခုနောက်တစ်ကြိမ်ထပ်ဖြစ်တာ။” လို့ ဒေသခံက ပြောပါတယ်။
ဒီဖြစ်ရပ်အပြီး ပြည်တော်သာကျေးရွာက ရွာသူရွာသားတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ စစ်ကောင်စီတပ်တွေ ရွာထဲဝင်ရောက်ဖျက်ဆီးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် မနေ့ည ည ၉:၀၀နာရီအချိန်ဝန်းကျင်က စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာမှာနေတဲ့ စစ်ကောင်စီသတင်းပေး အမျိုးသားနှစ်ဦး သုတ်သင်ရှင်းလင်းခံရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ပူးပေါင်းပြီး ငါးထပ်ကြီး အနောက်ပိုင်းရွာတွေက စစ်အာဏာရှင်ဆန့်ကျင်သူတွေကို သတင်းပေးနေသူများဖြစ်ကြောင်း၊ ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။
#Dailynews

