ရန်ကုန်၊ ၂၀၂၅ မတ် ၂၈ (မော်ကွန်း)
ဒီမွန်းလွဲမှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ရန်ကုန်- မန္တလေးအမြန်လမ်း အပျက်အစီးများခဲ့ပြီး ယာဉ်အများအပြားလည်း ပိတ်မိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတချို့က ပြောပါတယ်။
လက်ရှိမှာတော့ ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေဟာ လမ်းအပျက်အစီးတွေကိုရှောင်ပြီး တဖြည်းဖြည်း သွားနေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတစ်ဦးက ပြောပါတယ်။
နေပြည်တော်ကနေ ရန်ကုန်ကို ပြန်လာသူတစ်ဦးကတော့ “သွားလို့ရသလောက် ဖြည်းဖြည်းချင်းပဲ အမြန်လမ်းဘေးက မြေနီလမ်းတွေ လယ်ကွင်းတွေကနေ ပတ်သွားနေရတယ်။ တစ်လမ်းလုံး အက်ကြောင်းတွေထပြီး တံတားတွေလည်း ကျိုးတဲ့နေရာကကျိုးသွားတယ်” လို့ပြောပါတယ်။
ဒါ့အပြင် အမြန်လမ်းပေါ်မှာရှိတဲ့ ဆွာချောင်းကူးတံတား၊ ဒုဌဝတီမြစ်ကူးတံတားတို့လည်း ကျိုးသွားတယ်လို့ အမြန်လမ်းပေါ် ဖြတ်သန်းနေသူတချို့ကပြောပါတယ်။
လမ်းအပျက်အစီးတွေကြောင့် ခရီးသည်တင်ယာဉ်တွေ၊ အိမ်စီးကားတွေ အများအပြားပိတ်မိနေပြီး ကားပျက်စီးမှုတွေလည်းရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။
“ဆွာ ချောင်းကူးတံတား အက်ကြောင်းဖြစ်သွားပြီး သွားလို့မရတော့ဘူး၊ တော်တော်အခြေအနေဆိုးတယ် ဘယ်လိုသွားရမလဲမသိဘူး” လို့ အမြန်လမ်းပေါ်ရောက်နေတဲ့ ခရီးသွားတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အမြန်လမ်းပေါ်မှာ ယာဉ်တချို့တိမ်းမှောက်နေတဲ့ ဓါတ်ပုံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နံ့နေတာပါ။
ရန်ကုန်-မန္တလေး လမ်းဟောင်းမှာလည်း ပျက်စီးမှုတွေရှိခဲ့ပြီး လမ်းမြေသားတွေ ပဲ့ကျတာ၊ လမ်းပေါ်မှာ အက်ကြောင်းတွေဖြစ်နေတာကြောင့် သတိထားမောင်းနှင်နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့ကပြောပါတယ်။
“လမ်းဟောင်းက သာစည်ဘက်က လုံးဝဖြတ်လို့မရတော့ဘူး လမ်းပိတ်ထားတယ်။ လမ်းလွှဲတော့ပေးထားတယ်။ ရွာချင်းဆက်လမ်းတွေတော့ သွားလို့ရတယ်” လို့ လမ်းဟောင်းအသုံးပြုသူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၎င်းငလျင်ဟာ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိခဲ့တာပါ။
စစ်ကောင်စီဟာ ငလျင်ဒဏ်ကိုခံစားခဲ့ရတဲ့ နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်းအပါအဝင် တိုင်းလေးခုနဲ့ ပြည်နယ်တစ်ခုကို အရေးပေါ်အခြေအနေအဖြစ်ကြေညာထားပါတယ်။
ငလျင်ဒဏ်ဗဟိုချက်နဲ့ နီးကပ်တဲ့ မန္တလေး၊ စစ်ကိုင်းမြို့တွေမှာ နေအိမ်အဆောက်အအုံတွေနဲ့ သာသနိကအဆောက်အအုံတွေ အများအပြားပျက်စီးခဲ့တဲ့အပြင် ထိခိုက်သေဆုံးမှုတွေလည်း အများအပြားရှိနေတာပါ။

ပုံစာ – အမြန်လမ်းပေါ် ယာဉ်တွေပိတ်မိနေတဲ့မြင်ကွင်း
ဓါတ်ပုံ – May Thet Lwin

