မြေပုံ-၂၀၂၄ သြဂုတ် ၁၂( မော်ကွန်း)
စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်ထိုးတက်နေတာကြောင့် ဒေသခံတွေ စားဝတ်နေရေးကျပ်တည်းခက်ခဲနေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” ခေတ်မကောင်းလို့ အလုပ်တွေရှားနေတဲ့အထဲ ကုန်ဈေးနှုန်းတွေက အဆပေါင်းများစွာတက်နေတော့ ဘယ်လိုစားရမလဲ၊ ဝင်ငွေနဲ့ထွက်ငွေက ဘယ်လိုမှမကိုက်ဘူး။ မိသားစုတစ်စုထမင်းတစ်နပ်စားဖို့အတွက် အနည်းဆုံး ငွေ(ကျပ်)နှစ်သောင်းဝန်းကျင်လောက်ကုန်တယ်။ ဒီကာလမှာတစ်နေ့လုံး အလုပ်လုပ်လို့ နှစ်သောင်းရတဲ့အလုပ်ရှိလို့လား” လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်မှာ နေထိုင်တဲ့ ကျပန်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
ဒီမြို့ကို လက်ရှိမှာ အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း စစ်တွေနဲ့ မောင်တောမြို့ကလွဲရင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အားလုံးကို AA က သိမ်းထားနိုင်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာကတည်းက စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းကို ကုန်စည်ကူးသန်း သယ်ဆောင်ခွင့် ပိတ်ဆို့ ဖြတ်တောက်ထားတာဖြစ်ပြီး ဒေသတွင်းကုန်စည်ကူးသန်းမှုတွေ ရပ်တန့်နေတာပါ။
အခုနောက်ဆုံး ရခိုင်စစ်ပွဲစတင်ခဲ့စဉ်တုန်းက တစ်လီတာကို ၈,၅၀၀ နဲ့ ၉,၀၀၀ ကျပ်ကြား ဈေးမြင့်ခဲ့တဲ့ ဓါတ်ဆီနဲ့ ဒီဇယ်ဟာ ယခုဆိုရင် တစ်လီတာကို ၁၅,၀၀၀ နဲ့ ၁၆,၀၀၀ ကျပ် ကြား ဈေးပေါက်နေတာပါ။ ဒါအပြင် တစ်လီတာကို ၉,၀၀၀ ကျပ် ကနေ အခုဆိုရင် ၁၈,၀၀၀ ကျပ်အထိ စားသုံးဆီကို ပေးဝယ်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီဆိုရင် တစ်ပိဿာကို ကျပ် ၄၀,၀၀၀ အထိမြင့်တက်နေပြီး ကြက်ဥတစ်လုံးကို ၁,၁၀၀ ကျပ်အထိ ဈေးတက်နေတာကို တွေ့ရပါတယ်။ အခုလို အခြေခံစားကုန်နဲ့ ဆေးဝါးတွေ ဈေးနှုန်းမြင့်တက်နေတာဟာ ရခိုင်ပြည်နယ်က မြို့နယ်တိုင်းမှာ ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတွေကတော့ စစ်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်တွေကို ခံနေကြရတယ်လို့ ပြောကြပါတယ်။
” လက်နက်ကိုင် အချင်းချင်းတိုက်ကြတဲ့ပွဲမှာ ပြည်သူတွေကို အငတ်ဘေးဆိုက်အောင်ပစ်မှတ်ထားတာက လူမပီသတဲ့လုပ်ရပ်ပဲ။ လမ်းတွေပိတ်တော့ ကုန်သည်တွေက လက်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုပဲ ဈေးတင်ရောင်းကြတယ်။ ကိုယ့်လောဘနဲ့ကိုယ် ဈေးအဆမတန်တင်ရောင်းသူရောင်း၊ ငတ်သူကငတ်။ ဘယ်နေ့လေယာဉ်တွေနဲ့လာပစ်မလဲဆိုပြီး ကြောက်နေရတဲ့အထဲ ထမင်းတနပ်စားရဖို့အရေးပါတွေးပူနေရတဲ့ ရခိုင်ပြည်သူတွေရဲ့ဘဝက ရင်နာဖို့လည်း ကောင်းတယ်” လို့ မြောက်ဦးမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
တစ်ကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာ ၁၃ ရက်ကစလို့ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ခံထားရတဲ့ ရခိုင်မှာ ပြည်နယ်မြောက်ပိုင်းကို AA က သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်ကို ကုန်စည်ကူးသန်းနိုင်တဲ့ မြန်မာ-အိန္ဒိယနယ်စပ်၊ မီဇိုရမ်ပြည်နယ်လမ်းကြောင်းကိုသုံးပြီး ဒေသတွင်းကုန်စည်စီးဆင်းအောင် AA က လုပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ AA ကြားက နိုင်ငံရေး ပဋိပက္ခတွေကြောင့် မီဇိုရမ်ပြည်နယ်အတွင်းက ချင်းမျိုးနွယ်စုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လိုင်လူငယ်အဖွဲ့က ဇူလိုင်လကုန်ပိုင်းမှာ မြန်မာထဲကိုဝင်မယ့် ကုန်စည်တွေကို ပိတ်ဆို့ ဖြတ်တောက်လိုက်ခဲ့တဲ့နောက် ရခိုင်ပြည်နယ်ဘက်ကို ကုန်စည်စီးဝင်မှုရပ်တန့်နေတာဖြစ်ပြီး ဒီဒဏ်ကို ဒေသခံလူထုတွေ ခံစားနေကြရတာ ဖြစ်ပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့က ကုန်စုံရောင်းချတဲ့ ဈေးဆိုင်တစ်ဆိုင်။
ဓါတ်ပုံ- မော်ကွန်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

