ရန်ကုန် – ၂၀၂၅ မေ ၈ (မော်ကွန်း)
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲက စစ်ကောင်စီရဲ့ ရှေ့တန်းကင်းစခန်းတစ်ခုကို ဒေသတွင်းတော်လှန်ရေးတပ်တွေက ဒီရက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့မှာထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့နှစ်ရက် မနက်အစောပိုင်းက တနင်္သာရီမြို့နဲ့ ကျွန်းစုမြို့နယ်အစပ်မှာရှိတဲ့ ဒေသအခေါ် ဝါရစ်ပိန်းတောပြင်ဆိုတဲ့ စစ်ကောင်စီရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
၎င်းတိုက်ပွဲ နှစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်၊ စစ်သင်္ဘောတွေအသုံးပြုပြီး လက်နက်ကြီးပစ်ကူပေးခဲ့ပေမယ့် စခန်းကနေ အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ရတယ်လို့ တနင်္သာရီ PDF တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ဦးသေဆုံးခဲ့တယ်လို့ ၎င်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီတိုက်ပွဲကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ တနင်္သာရီမြို့နယ်(ပကဖ)၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ ကျွန်းစု(ပကဖ)၊ တိုင်းပကဖ တပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
ဒီလဆန်းပိုင်းကစပြီး တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်အပါအဝင် နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။
တနင်္သာရီတိုင်းရဲ့ အဓိကလမ်းတစ်ခုဖြစ်တဲ့ မြိတ်-ထားဝယ်ကားလမ်းကိုလည်း တိုက်ပွဲတွေကြောင့် ပိတ်ထားရတာ သီတင်းပတ်နှစ်ပတ်နီးပါး ရှိလာပြီဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ် ထားဝယ်-ထီးခီးလမ်းပိုင်းမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ထီးခီးနယ်စပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း ကော့သောင်းမြို့နယ်က မလိဝမ်းကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းနဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်ထဲမှာလည်း ဒီသီတင်းပတ်အတွင်း တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွဟာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ရှိလာခဲ့တာပါ။
ကရင်ပြည်နယ်ထဲက ဘားအံ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့တွေမှာ ဒီရက်ပိုင်းတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာပါ။
စစ်ကောင်စီစခန်းကိုတိုက်ခိုက်နေတဲ့ ရုပ်သံမှတ်တမ်း
ရုပ်သံ – တနင်္သာရီ ပကဖ